Zawgyi
သူနှင့်ကာကာ ခုချိန်ထိ သူတို့ခြံရှေ့က အုတ်ခုံပုလေးပေါ်တွင်ထိုင်နေမိကြတုန်း။ကာကာကလည်း ပြန်ဖို့မပြောသေးသလို သူကလည်း ခုထိအိမ်ထဲပြန်မဝင်ချင်သေး။ကာကာနှင့်မတွေ့ခင်အချိန်ကထိ ဖွင့်မရအောင်လေးကျနေသည့် သူ့မျက်လုံးတွေက အခုတော့သူမဟုတ်သလို။
စကားသံကင်းမဲ့နေသည့် သူတို့နှစ်ယောက်ကြားရှိလေထုက အနည်းငယ်ထူးဆန်းနေတာတော့အမှန်ပင်။သူကာကာ့ကိုကြည့်မိတော့ ကာကာက သူ့ကိုကြည့်မနေ။လရောင်ရေးရေးထင်နေသည့် ကောင်းကင်ကိုသာ စိတ်လွတ်ကိုယ်လွတ်ငေးကြည့်နေသည်။
သူက ကာကာထက်အရပ်ပိုရှည်သူမို့ အပေါ်စီးကနေ ဘေးတိုက်မြင်နေရသည့် ကာကာ့ရဲ့မျက်နှာလေးကိုငေးမိသည်။ကာကာ့ရဲ့ မျက်ခုံးတန်းလေးကသူ့လိုမျိုး အလယ်တွင်ဆက်နေတာမျိုးမဟုတ်ပေမယ့် ထူတော့အတော်ထူသည်။နှာတံစင်းစင်းလေးကလည်း ဘေးတိုက်ကြည့်မှ ပို၍ရုပ်လုံးကြွနေသည်။
ပြီးတော့ မျက်လုံးလေး...။အပေါ်စီးကမြင်ရသည့် ကာကာ့ရဲ့မျက်လုံးလေးက တကယ်ကိုလှလွန်းသည်။မျက်တောင်တိုစိပ်စိပ်လေးတွေဝန်းရံထားသည့် မျက်လုံးလေးက ခုနက ငိုထားသည့်အရှိန်ကြောင့် သွေးကြောလေးတွေနီရဲနေသည်။လရောင်ရေးရေးနှင့် လမ်းမီး၏ အလင်းကိုအားပြုကာ ကြည့်နေမိသည့် ကာကာ့ရဲ့မျက်နှာလေးကဒီညမှ ပို၍ကြည့်ကောင်းနေသည်ဟုသူထင်မိသည်။
ကာကာကတော့ သူ့ကိုပေါက်ထွက်မတတ်ကြည့်နေသည့် မျက်လုံးတစ်စုံကိုသတိမထားမိ။ကောင်းကင်ကိုသာကြည့်ပြီး အတွေးနွံနစ်နေဟန်။ဒီကောင် လမင်းထဲအဖိုးအိုနဲ့ယုန်ဘယ်လိုရောက်နေတာလဲဆိုတာ တွေးနေတာတော့ မဟုတ်ပါဘူးနော်....။
"အဟက်..."
သူ့အတွေးကိုသူသဘောကျစွာ ခပ်တိုးတိုးရယ်မိတော့ ကာကာကသူ့ဘက်ကိုမျက်လုံးဝင့်ကြည့်သည်။
"ဘာရယ်တာလဲ"
မေးလာသည့်လေသံနှင့်မျက်နှာထားက ခုနက ဖုန်းဆက်ခေါ်သည့်ပုံစံနှင့်တခြားစီ..။
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...