[၁]

4.7K 155 4
                                    

လဆုတ်ရယ်၊ လဆန်းရယ်တော့ မသိ။ လခြမ်းကွေးကလေးက အနက်ရောင် ကောင်းကင်ယံကို ငွေရောင် ချိတ်ကွေးငယ်က ထိုးဖောက်ချိတ်ဆွဲနေသည့်ပမာ။ သူ့အလင်းက မှောင်မိုက်နေသော အကျဉ်းခန်းကလေးတွင်း ထိုးဖောက်ဝင်ရောက်နေခဲ့သည်။ ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသူတစ်ဦးကတော့ အကျဉ်းခန်းလေး၏ ထောင့်တစ်နေရာ၌ ကွေးကွေးကလေး ထိုင်နေလေသည်။ စူးစိုက်မှုမရှိ ငေးငိုင်နေသော သူ့အကြည့်က ကြမ်းပြင်ပေါ်မှ ငွေရောင်အလင်းကွက်ပေါ်၌ ကျရောက်နေသည်။ အပြင်ဘက်မှာ လေပြည်သွေးနေဟန်တူရဲ့။ ပန်းနုရောင်ပွင့်လွှာချပ်တွေက ကြွေလွင့်ကာ ဝင်လာသည်။ တောအုပ်လယ်က အေးတိအေးစက် အကျဉ်းထောင်ကလေးကတော့ တစ်မျိုးတမည် လှနေပေလောက်သည်။

အပြင်မှာ. . . နွေဦးရောက်နေပြီလား. . .

သူ့ငေးငေးငိုင်ငိုင်အကြည့်က တဖြည်းဖြည်းလွှဲလာပြီး အပေါ်ဘက်ဆီက အမိုးပေါက်ထံရောက်လာသည်။ ထိုအပေါက်ကို ကာရံထားသော သံကူကွက်တို့က ညကောင်းကင်ယံမှ လရောင်တချို့ကို ရံတားထားလေသည်။ သို့သော် ရုတ်တရက် နှစ်ပေါင်းများစွာ မကျိုးမပေါက် တည်ရှိနေခဲ့သော ဆိတ်ငြိမ်မှုကို စစ်ဖိနပ်သံများက ချိုးဖောက်လိုက်ကြလေသည်။ သူ့လက်မလုံးပတ်ခန့်ရှိသော သံတိုင်များဖြင့်ပြုလုပ်ထားသည့် သံတံခါးကြီး ဖြည်းညင်းစွာ ပွင့်လာသည်။ သူ့မဟူရာမျက်ဝန်းတို့မှာ လရောင်ရိပ်ထင်လာတော့သည်။

ထျန်းရှောင် သံတံခါးဘက်ကို ကြည့်လိုက်ကာ ဖြည်းညင်းစွာ ထရပ်လိုက်မိသည်။ တံခါးပွင့်လာတယ်. . . ? သူတို့ ငါ့ကို လွှတ်ပေးတော့မှာလား. . . သူ တံခါးဝနားဆီ ခြေလှမ်းယိုင်နဲ့နဲ့နှင့် တိုးသွားလိုက်သည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကိုသာ ထောင်အတွင်း မညာမတာ ပစ်သွင်းလိုက်သည်ကို တွေ့လိုက်ရလေသည်။ ထို့နောက်တော့ သံတံခါးကို သနားစာနာမှု မရှိ ပိတ်သွားကြပြန်သည်။ အပြင်ဘက်ဆီမှ ခြေသံများလည်း တဖြည်းဖြည်းနှင့် တိုးလျိုးပျောက်ကွယ်သွားတော့သည်။

ထျန်းရှောင် ကြမ်းပြင်ပေါ်မှ အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးကို ငေးကြောင်ကြည့်နေမိသည်။ သူမ ရင်အစုံက နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသည်ကို ကြည့်ရင်း သူမ အသက်ရှိသေးမှန်း သူ သိလိုက်သည်။

မိုးသောက်ချိန်Where stories live. Discover now