ယုယောင်ကတော့ သည်အကျဉ်းခန်းတွင်း သူမရောက်နေသည့် နေ့ရက်များကို ရေတွက်ကာ၊ နံရံတွင် ဓားမြောင်လေးနှင့် ရေးခြစ်ကာ အမှတ်အသားပြုလျက်နေလေသည်။ ငါးရက်၊ ဆယ်ရက် စသည်ဖြင့်။ သူမ အမြဲလိုလို စောင့်နေသည်။ တိတ်တဆိတ် စောင့်နေသည်။ တစ်စုံတစ်ဦး သူမကို လာကယ်မည့်နေ့ကို စောင့်နေခဲ့သည်။
ဤအတောအတွင်းမှာ၊ ထျန်ရှောင်ကတော့ သူမကို နားလည်သွားပြီဟု သူ့ကိုယ်သူ ထင်နေလေသည်။ ညတိုင်း သူ သူမ နံဘေးကပ်၍ လာအိပ်သည်။ တစ်ယောက်ကိုယ်ငွေ့နှင့် တစ်ယောက် နွေးထွေးစေသည်။ နေ့တိုင်း သူ သူမကို ရောက်တတ်ရာရာမေးခွန်းများ မေးပြီး ပြောမဆုံးနိုင် မပြီးနိုင် ကရားရေလွှတ်တတွတ်တွတ်နှင့် စကားတွေ ဖောင်ဖွဲ့သီနေတတ်သည်။ သည်လိုနေလာရင်း တစ်ရက်ရက်မှာတော့၊ ယုယောင် ငြီးငွေ့လွန်းချိန်နှင့် ကြုံလျင် သူမ သူ့မေးခွန်းတို့ကို တစ်ခွန်းစ နှစ်ခွန်းစ ပြန်ဖြေတတ်သည်။ သို့သော် များသောအားဖြင့် စကားပြောနေသောသူမှာ ထျန်ရှောင်သာဖြစ်လေသည်။ ငြီးငွေ့ခြောက်ကပ်သော မျှော်လင့်ချက် ဝေဝါးခဲ့သည့် နေ့ရက်များစွာ လွန်လာတော့ ယုယောင် သူ ပြောသမျှကို နားထောင်တတ်လာသည်။ ယခင်ကနှင့်မတူ သူ မေးသမျှ မေးခွန်းများကိုလည်း ပြန်ဖြေတတ်လာသည်။
ဤနေရာကြီး၌ သူတို့ အချိန်တို့ကို အတူတကွ ကုန်လွန်စေခဲ့သည်။
"နင် ဘာလို့ ဒီထဲပစ်ချခံလိုက်ရတာလဲ..." တစ်ညသ၌ ထျန်ရှောင်တစ်ယောက် ယုယောင်အား စပ်စပ်စုစု မေးလိုက်သည်။
"စစ်ဆင်ရေးတစ်ခုအတွက်..."
"ဘာ စစ်ဆင်ရေးလဲ..."
"လုပ်ကြံတာ... လူသတ်တာ..." သူမ လေသံက အေးစက်နေသည်။ ထျန်ရှောင်မှာ ကြောက်လွန်းသဖြင့် တုန်သွားမိသည်။ ခေတ္တမျှနေတော့ သူ မဝံ့မရဲ မေးကြည့်လိုက်သည်။ "နင် မအောင်မြင်လို့ အဖမ်းခံရတာလား..."
YOU ARE READING
မိုးသောက်ချိန်
RomanceTranslation of Jiu Lu Fei Xian's Daybreak. လွမ်းဆွေးတေးသံ ( ဆန်းကော့ ) ရဲ့ စာရေးသူ ကျိုးလုဖေးရှန်းရဲ့ ဝတ္ထုတစ်ပုဒ်ပါ. . .