[၆]

717 109 0
                                    

နွေဦးချိန်ဖြစ်သောကြောင့် ရာသီဥတုက တောင်ပိုင်းသို့ရောက်လေ ပို၍ နွေးထွေးလာလေလေဖြစ်လာသည်။ မိုးကလည်း မကြာမကြာရွာနေသဖြင့် ရာသီဥတုက ပူနွေးစိုစွတ်နေသည်။

လမ်းမကြီးအဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ထျန်ရှောင်ကတော့ လက်ဖက်ရည်ခွက်ကလေးကိုင်ကာ တစ်ငုံတည်းနှင့် အကုန်မော့ချလိုက်လေသည်။ သူ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူ လက်ဖက်ရည်ကြမ်းကို ပျော်ပျော်ပါးပါး ကျေနပ်နှစ်သိမ့်စွာ သောက်နေစဉ် ယုယောင်ကတော့ မျက်နှာမသာမယာနှင့် မျက်မှောင်ကျုတ်နေလေသည်။ သူမ နားစိုက်ထောင်နေရင်း ဘေးစားပွဲမှ လူအများပြောနေသည့် စကားများကို ခိုးနားထောင်နေသည်။ "လွန်ခဲ့တဲ့ ဆယ်ရက်က... မြို့တော်ကနေပြီး အရေးကြီးတဲ့ အကျဉ်းသားတစ်ယောက်လွတ်သွားတယ် ပြောကြတယ်..."

"ဟုတ်တယ်...! ဒုတိယမြောက်နေ့မှာကတည်းက သူ့ကို ရှာဖို့အရေး မြို့တော်မှာ ရဲမက်တွေ ပျားပန်းခတ်နေတာပဲ... ဟင်း... ရှင်ဘုရင်က အမိန့်တော်တောင် ထုတ်ပြန်လိုက်တယ်ဆိုပဲ... ခရိုင်တိုင်းက အပြစ်သားကို ဖမ်းဆီးရှာဖွေရမယ်တဲ့ ... ဒါနဲ့ ဘယ်သူလွတ်သွားတာလို့ မင်းတို့ ထင်လဲ..."

"ဘယ်သိမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ်လေ... မြောက်ပိုင်းနယ်က တောင်ပိုင်းဒေသတွေကို မထိန်းနိုင်သေးဘူး... တကယ်လို့ သူတို့သာ ဒီတောင်ပိုင်းကို ရောက်လာရင် ပြည့်ရှင်မင်းက ဘယ်လိုလုပ် ဆန္ဒရှိသလို ဖမ်းနိုင်တော့မှာလဲ..."

ယုယောင် နှုတ်ခမ်းကို လျှာဖျားဖြင့် သပ်လိုက်ပြီး လက်ဖက်ရည်ကြမ်းကို တစ်ငုံချင်း သောက်နေလိုက်သည်။ သို့သော် သူတို့ပြောနေသည့်အကြောင်းအရာများကို စဉ်းစားရင်း သူမ စိတ်အလျင်ကတော့ ကဆုန်စိုင်းနေချေပြီ။ ရုံးတော်က တောင်ပိုင်းတွင်တော့ ပေါ်ပေါ်ထင်ထင်လှုပ်ရှား၍ မရပေ။ သို့သော် ထွက်ပြေးသွားသော အကျဉ်းသားကို သူတို့ တွေ့သွားခဲ့လျင်တော့ သူလျိုအဖြစ် ပုန်းခိုရောက်ရှိနေသော နန်းတွင်းကိုယ်ရံတော်၊ ရဲမက်များက လှုပ်ရှားလာပေလိမ့်မည်။ သူမ အတွင်းအားက ၇၀-၈၀ရာခိုင်နှုန်းလောက်ပဲ ပြန်ရသေးသည်။ အခုချိန်မှာတော့ သည်လောက်က သူမအတွက် ခံနိုင်ရည်ရှိနေစေသော်လည်း အတွင်းအားမြင့်သော အဆင့်မြင့်သိုင်းသမားနှင့် ရင်ဆိုင်တွေ့လာရမည်ဆိုလျင် သူမ တောင့်ခံတိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမတို့ လမ်းကြောင်းပြောင်းကာ ခရီးဆက်မှ သင့်တော့မည်။

မိုးသောက်ချိန်Where stories live. Discover now