ထျန်းရှောင်အား သူမ ဒဏ်ရာကို ကုသခွင့်ပေးလိုက်သည်။ ထျန်းရှောင် အလွန်ပျော်မိသည်။ သူ ယုယောင်အနား ထိုင်ချလိုက်ပြီး ဒဏ်ရာရနေသော ပုခုံးနေရာကို မြင်ရအောင် အကျႌကို ဆွဲချလိုက်သည်။ မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို ကြည့်ဖို့ သူ ရှက်ရွံ့ဝန်လေးနေခြင်း မရှိ၊ ထိုအစား သူမ ပုခုံးသားဖြူဖြူကလေးကိုပင် လက်ညိုးနှင့် စူးစူးစမ်းစမ်းထိုးကြည့်လိုက်သေးသည်။ ယုယောင် သူ့ကို မကျေမနပ်စူးရဲစွာ ကြည့်နေသည်ကို တွေ့သောအခါမှ သူ အလိုက်တသိရပ်လိုက်ပြီး ပုခုံးဒဏ်ရာကို ကြည့်လိုက်သည်။
"သွေးတွေမှ အများကြီး. . ." ဟု ထိတ်လန့်သွားသည့်အလား သူ တီးတိုးရေရွတ်လိုက်သည်။ နင် မကုတတ်ရင်လည်း ငါ့အနားမကပ်နဲ့ ဟု ယုယောင်ပြောတော့မည့်ဆဲဆဲ။ ထျန်းရှောင် ရုတ်တရက် သူမ၏ သွေးစိမ့်စိမ့်ထွက်နေသော နေရာကို ပါးစပ်ဖြင့် ငုံအုပ်လိုက်လေသည်။
ပူနွေးသော နှုတ်ခမ်းတစ်စုံက သူမ ဒဏ်ရာကို အသာအယာငုံစုပ်နေသည်။ ခပ်စပ်စပ်ခံစားလိုက်ရပြီးနောက် သူမ အသွေးအသားထဲမှ ပူထူသွားမိလေသည်။ ယုယောင် ထိတ်လန့်ရလွန်း၍ မျက်လုံးများပင် ဝိုင်းစက်သွားတော့သည်။ ထိတ်လန့်သော ခံစားချက်နောက်မှ ဒေါသကကပ်ပါလာသည်။ ဒေါသကို သူမ မထိန်းနိုင်တော့။ သူမ သူ့ကို တွန်းဖယ်ပစ်လိုက်သည်။ ပုခုံးကို အားပြုလိုက်ရပြန်တော့ သွေးများ ပိုထွက်လာတော့သည်။ သူမ အေးစက်စွာ မေးလိုက်သည်။ "နင် သေချင်နေတာလား..."
"ငါက နင့်ဒဏ်ရာကို သက်သာအောင် လုပ်ပေးနေတာလေ..." တွန်းထုတ်ခံလိုက်ရသော ထျန်းရှောင်က မတရားခံစားလိုက်ရသလို မကျေမလည်နှင့် ဆိုလေသည်။ "ငါ ငယ်ငယ်တုန်းက လက်မှာ ဓားရှတော့ မယ်တော်က ဒီလိုပဲ လုပ်ပေးခဲ့တာ..."
ယုယောင်မှာ ဒေါသထွက်လွန်းသဖြင့် စကားတစ်လုံးမျှပင် ပြန်မပြောနိုင်ရှာပေ။ သို့သော် သူမ တွေးကြည့်ပြန်တော့ ယခင်မင်းဆက် ဖယ်ရှားခံရစဉ်က ယခင်မင်းဆက်က အိမ်ရှေ့စံမှာ ၆ နှစ်သား ကလေးတစ်ဦးသာရှိသေးသည်။ စကားပြောတတ်စ ကလေးငယ်ကို ထိုစဉ်ကတည်းက ထောင်သွင်းအကျဉ်းချထားခဲ့သည်။ သူ့စိတ်နေသဘောထားမှာလည်း ကလေးတစ်ဦးသာသာပင် ရှိဦးမည်။ သူ ဘယ်လိုလုပ် ဆေးကုတတ်မှာလဲ...
YOU ARE READING
မိုးသောက်ချိန်
RomanceTranslation of Jiu Lu Fei Xian's Daybreak. လွမ်းဆွေးတေးသံ ( ဆန်းကော့ ) ရဲ့ စာရေးသူ ကျိုးလုဖေးရှန်းရဲ့ ဝတ္ထုတစ်ပုဒ်ပါ. . .