[၂]

1.7K 132 0
                                    

နောက်တစ်နေ့ နေ့ခင်းပိုင်း၌ အစားအစာနှင့်ရေတို့ကို အမိုးပေါက်မှ ကြိုးဖြင့်ထိန်း၍ လာချပေးလေသည်။ အသံက ထျန်းရှောင့်ကိုယ်ပေါ် အိပ်ပျော်နေခဲ့သော မိန်းကလေးကို လန့်နိုးသွားစေသည်။ သူမ မျက်ဝန်းတွင်း သတ်လိုဖြတ်လိုသည့်အရောင်များ ဖြတ်သန်းသွားပြီး ဓားမြောင်ကို ပိုလို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားတော့သည်။

ထျန်းရှောင် ကြောက်တော့ မကြောက်မိပေ။ သူ ညင်သာစွာ ဆိုလိုက်သည်။ "နင် နိုးလာပြီပဲ..."

မိန်းကလေး၏ အကြည့်က နီမြန်းနေသော သူ့မျက်နှာပေါ်ကျရောက်လာသည်။ ထိုတော့မှ သူတို့၏ အနေအထားက မတော်တရော်ဖြစ်နေသည်ကို သူမ သတိထားမိတော့သည်။ သူမ နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး သူ့ကိုယ်ပေါ်မှ လှိမ့်ဆင်းပြီး သူ့ဘေးမှာဘဲ လှဲနေတော့သည်။ ထျန်းရှောင့် ခန္ဓာကိုယ်မှာ တစ်ညလုံး ဖိထားခံရသောကြောင့် ခေါင်းအစ ခြေအဆုံး ထုံနေ ကျင်နေလေသည်။ သို့သော် သူ အသံတစ်ချက်ပင် မပြုဘဲ ထထိုင်လိုက်သည်။ ထို့နောက် လာချပေးထားသော အစားအစာတို့ကို သူ နေ့စဉ်လုပ်နေကြအတိုင်း ယူစားလိုက်တော့သည်။

သူ့ဝမ်းသူ ဖြည့်ပြီးသည်နှင့် လှမ်းကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှ မိန်းကလေးက သူ့အား တစိုက်မတ်မတ်ငေးကြည့်နေသည်ကို တွေ့ရလေသည်။ ထျန်းရှောင် ခေတ္တမျှ တွေးကြည့်ပြီးနောက် သူမ ဗိုက်ဆာနေသော်လည်း မလှုပ်နိုင်သောကြောင့် သူ့ကို ငေးကြည့်နေတာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ သူ သူမ၏ ဝေစုကို ယူကာ စားစရာတချို့ကို တူနှင့် ညှပ်ယူ၍ သူမ ပါးစပ်ထဲထိခွံ့ပေးလိုက်သည်။

မိန်းကလေး အံ့သြသွားမိသည်။ သို့သော် သူ ခွံ့ကျွေးသည်ကို သူမ မငြင်းဆန်ပေ။ ပါးစပ်ဟကာ သူကျွေးသမျှစားလေသည်။ တိတ်ဆိတ်စွာ တစ်ယောက်က ခွံ့ပေးသည်။ တစ်ယောက်က တိုးတိတ်စွာ စားလေသည်။ ဤမြင်ကွင်းလေးက လူသူဆက်ဆံရေးမရှိတတ်သူများအကြားမှ မြစ်ဖျားခံလာသော သဟဇာတညီမျှခြင်းလေလား။ သူမ စားသောက်ပြီးသောအခါ မိန်းကလေးက ကျေးဇူးတင်စကားပင် မဆိုချေ။ သို့သော်လည်း ထျန်းရှောင် ခွက်အလွတ်ကို ကြည့်ရင်း ရယ်လိုက်မိသည်။ သူ မရယ်ခဲ့သည်မှာ အတော်ကြာခဲ့ပြီထင့်၊ သူ ရယ်သံက တုန်ယင်နေ၍ သူ့အပြုံးက အနည်းငယ် တောင့်တင်းနေသည်။ သို့ပေလျက် သူ့မျက်ဝန်းတွင်းမှ တောက်ပမှုက မိန်းကလေးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

မိုးသောက်ချိန်Where stories live. Discover now