[၉]

1.6K 163 10
                                    

ထျန်ရှောင့်ကို လောကကြီးမှ ဖယ်ရှားပစ်ဖို့ဆိုတာ အပြောအရတော့ လွယ်လွန်းသည်။ သို့သော် ယုယောင် မလုပ်နိုင်။ သူမ တာဝန်မကျေပွန်နိုင်မည့် တစ်နေ့နေ့ရောက်လာမည်ဟုလည်း တစ်ကြိမ်တစ်ခါမျှ မတွေးဖူးခဲ့။

သူမ တောင်ပိုင်းဒေသများတွင်း တဖန်ပြန်လည် ဝင်ရောက်ချိန်မှာတော့ နွေဂိမာန်ကာလလယ်ပင် ရောက်နေခဲ့ပြီ။ ယုယောင် ယွဲ့မြို့တော်ကို လာခဲ့သည်။ သည်မြို့တော်မှာက ယခင်မင်းဆက်၏ အငွေ့အသက်နှင့် လူယုံအကြွင်းအကျန်တို့ကို ရှာတွေ့နိုင်သည်။ သည်ဒေသကို သူတို့ သိမ်းပိုက်ထားကာ တပ်စွဲနေသည်။ ယခင်အိမ်ရှေ့မင်းသားပြန်ရောက်လာသည့်အကြောင်းကို မြို့ရိုးပေါ်မှ ကြေညာခဲ့သည်။ ထို့နောက်တော့ စစ်တပ်နှင့် မြောက်ပိုင်းသို့ စစ်ချီတက်သည်။ ပိုင်နက်မြေကို ပြန်လည်သိမ်းပိုက်ကြမည်တဲ့။ ယုယောင် လမ်းတစ်လျှောက် အတော်ကြာကြာ တွေးလာခဲ့သည်။ ထိုနေ့က ထျန်ရှောင်တစ်ယောက် မြို့ရိုးပေါ်မှာ မည်သို့ဟန်ပန်နှင့် ရှိနေမည်ကို သူမ ပုံဖော်ကြည့်ခဲ့သည်။ သို့သော် သူမ ပုံဖော်မြင်ယောင်၍ မရနိုင်ခဲ့ပေ။

သူမ မြို့တွင်းမှာ ရက်အနည်းငယ်မျှ တည်းခဲ့သည်။ နောက်ဆုံးတော့ ထျန်ရှောင် လူလုံးထွက်ပြသည့်နေ့ ရောက်လာခဲ့သည်။

နွေခေါင်ခေါင်အပူတပြင်း နေရောင်အောက်မှာ သူ့အောက်ဘက် မြို့ရိုးအခြေတွင်တော့ လူထုက အပြည့်အကျပ်နေရာယူထားကြလေသည်။ ထျန်ရှောင်က အနက်နှင့်ရွှေရောင်ရောစပ်ထားသော နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး မြို့ရိုးမြင့်၏ အလယ်ခေါင်တည့်တည့်၌ နေရာယူထားသည်။ ကျင်အန်းဝမ်နှင့် ထိုစဉ်က သူ့ကို ခေါ်သွားခဲ့သော အမတ်အိုက သူ့နံဘေးတစ်ဖက်တစ်ချက်စီ၌ ရပ်နေသည်။ သူ့အဝတ်အစားအရောင်ကပဲ တည်တင်းလွန်းလို့လား၊ သူ့ရာထူးကပဲ အရေးပါကြီးမြတ်လွန်းလို့လားတော့ မသိ၊ ထျန်ရှောင့် ကိုယ်ရောင်ကိုယ်ဝါမှာ ရာဇဟန်တို့ အပြည့်ရှိနေသည်ကို ယုယောင် သတိထားမိသည်။ ဒါမှမဟုတ် "ကြက်မှာ အရိုး လူမှာ အမျိုး"ဆိုတာလိုပေါ့။ သူမ သူ့ကို အဝေးမှ မျှော်ကြည့်နေမိရင်း သည်ထျန်ရှောင်မှာ သူစိမ်းဆန်လွန်းသည်၊ သူမ သိသော ထျန်ရှောင် မဟုတ်တော့ဟု တွေးနေမိသည်။ ထိုမျှမက သူသည် အနာဂတ်၌ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာနိုင်သည်ဟုလည်း ထင်မိသည်။  

မိုးသောက်ချိန်Donde viven las historias. Descúbrelo ahora