DAUM မှာ အကျင့်လေးရှိတယ်။ စာအုပ်တစ်အုပ်ကို တစ်ခေါက်ဖတ်ပြီးရင် ထိပ်ဆုံးစာမျက်နှာမှာ အမှန်ခြစ်ကလေးတစ်ခြစ် ခြစ်ထားတယ်။ နှစ်ခေါက်ဖတ်ပြီးရင် နှစ်ခြစ်။ တစ်ချို့စာအုပ်တွေမှာတော့ သုံးလေးငါးခြစ်ထိ ရှိပေမယ့် တစ်ချို့စာအုပ်တွေမှာတော့ အမှန်ခြစ်တစ်ခြစ်ပဲရှိတယ်။ များသောအားဖြင့် ထပ်မဖတ်ချင်တော့တဲ့ စာအုပ်မျိုးတွေ၊ ကိုယ့်ကို သိပ်မစွဲဆောင်တဲ့ စာအုပ်မျိုးတွေ၊ ကိုယ့်အကြိုက်မဟုတ်တာမျိုးတွေပေါ့။ တစ်ချို့ကကျ တစ်ခေါက်ဖတ်ပြီးတာနဲ့ နောက်တစ်ခေါက်ထပ်ဖတ်စရာမလိုအောင်ကို စိတ်ထဲမှာ စွဲမြဲနေပြီး ဘယ်အချိန်မဆို အမှတ်ရနေတဲ့ စာအုပ်မျိုးတွေလည်း ပါ ပါတယ်။ ဒီ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကလည်း DAUM အတွက် ဒီလိုမျိုး စာအုပ်တစ်အုပ်ပါပဲ။
DAUM ဒီစာအုပ်လေးကို ဖတ်တုန်းက တက္ကသိုလ် တတိယနှစ်လောက်ကပါ။ ၁၈ နှစ်ပေါ့။ အဲ့တုန်းက ဒေါက်တာသက်နှင်းအိမ်ကို မှန်တယ် ထင်ခဲ့တယ်။ ယုမော်လိုယောကျာ်းမျိုးကို အရမ်းကြောက်ခဲ့တယ်။ ဒေါက်တာသက်နှင်းအိမ်ဟာ ၁၈ နှစ်အရွယ် DAUM အတွက် စံ ဖြစ်ခဲ့တယ်။ ပညာတော်သလောက် မာနလည်း ကြီးတဲ့ မိန်းမ။ အချစ်အတွက် ဘာမဆို စွန့်လွှတ်တဲ့ မိန်းမ။ ဒါက်တာ သက်နှင်းအိမ်ဟာ အလုံးစုံမှန်ကန်ပါတယ်လို့ အဲ့အချိန်ကတည်းက မတွေးခဲ့ပေမယ့် သူ့ဘက်ကိုတော့ အလေးသာခဲ့တယ်။ ဒေါက်တာသက်နှင်းအိမ်ရဲ့ ယုမော်အပေါ် တိမ်းညွတ်တဲ့အချစ်ကို အပြစ်မမြင်ခဲ့ဘူး။ ယုမော်ကိုလည်း ထွက်သွားရကောင်းလားလို့ အပြစ်တင်ခဲ့တယ်။ ဘာလို့လဲ။ ဒီလောက် ချစ်ပေးတဲ့ မိန်းမတစ်ယောက်ကို ဘာလို့လဲ။
အသက် ၂၀ လောက်ရောက်လာခဲ့ပြန်တော့ ယုမော် မှန်တယ်လို့ ထင်လာပြန်တယ်။ DAUM ဒီစာအုပ်ကို တစ်ကြိမ်တည်းပဲ ဖတ်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကောင်တွေရဲ့ လွှမ်းမိုးက အခုချိန်ထိ ရှိနေဆဲပဲ။ ယုမော်ကို နားလည်လာတယ်။ သူ့ရဲ့ အချစ်ကို မြင်လာတယ်။ သူဟာလည်း ယောကျာ်းတစ်ယောက်ပါပဲ။ မာနရှိတဲ့ယောကျာ်းတစ်ယောက်ဟာ သူချစ်တဲ့ မိန်းမရဲ့ အရိပ်တစ်ခု၊ နောက်ခံတစ်ခုနေရာကနေ ရှိနေပေးဖို့ သူ ဘယ်လောက်တောင် သူ့အတ္တကို သူ့စိတ်ကို ချိုးနှိမ်လိုက်ရမလဲ။ သူချစ်တာက ချစ်တာပဲ။ ဒါပေမယ့် ငါဟာ အိမ်ထောင်ဦးစီးဆိုတဲ့ အတ္တတစ်ခုဟာ ယောကျာ်းတိုင်းမှာရှိတယ်။ မိန်းမတွေဟာ ယောကျာ်းဖြစ်သူရဲ့ အတ္တကို ပျိုးထောင်ပေးရင်း အောင်မြင်ခြင်းဆိုတာကို အတူတူ လှမ်းကြရတယ်။ ယုမော် ဘာလို့ပြန်မလာတော့သလဲဆိုတာကို နားလည်လိုက်တယ်။ သူဟာ သူ့ရဲ့ နောက်ဆုံးယောကျာ်းမာနကို ထုတ်သုံးလိုက်ခြင်းပဲ။ ဒီလို တွေးပြီးနောက်ပိုင်း ဒေါက်တာ သက်နှင်းအိမ်ကို တကိုယ်ကောင်းဆန်သူလားလို့ တွေးမိပြန်တယ်။ ဒေါက်တာသက်နှင်းအိမ်ဟာ သူကတော့ ချစ်လိုက်ရတာဆိုတာကိုပဲ မြင်နေခဲ့တယ်။ သူစွန့်လွှတ်ပေးခဲ့တာတွေ၊ အနစ်နာခံပေးခဲ့တာတွေကိုပဲ သူ ကြည့်တယ်။ ယုမော်ဘက်က သူ့အတွက် သူ့လောက်ကြီးကြီးမားမား မပေးဆပ်ရသည့်တိုင် ချစ်ခဲ့တဲ့အလျောက်တော့ မာန်လျှော့ခဲတာတွေ မြင်လိုက်ရတယ်။ အဲ့ဒီ့အခါမှာ ယုမော်ကို သနားသွားတယ်။