ခင်ခင်ထူး - ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

1.2K 24 4
                                    

ဆရာမခင်ခင်ထူးဆိုတာ "မအိမ်ကံ" နဲ့တင် အားလုံးလည်း ကြားဖူးပြီးဖြစ်မှာပါ။ DAUM အတွက်တော့ ဆရာမခင်ခင်ထူးဟာ စာရေးသူတစ်ယောက်ဆိုတာ ထက်ပိုခဲ့တယ်။ အပြင်မှာ တစ်ခါမှလည်းမတွေ့ဖူးပါပဲ စိတ်ထဲမှာ ချစ်ခင်မြတ်နိုးမှုကို ခံစားမိတာပါပဲ။ DAUM တို့ ဖေဖေဘက်က အမျိုးတွေက ရွာစပ်တွေဆိုတော့ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတွေဟာ ဖေဖေ့အမျိုးအဆွေတွေကို ထင်ဟပ်နေသလိုပါပဲ။ ဆရာမရဲ့ ရွာဓလေ့ထင်ဟပ်တဲ့ စာလေးတွေဖတ်တိုင်း ကိုယ့်မှာ ရွာက အရီးလေးတို့၊ ဖွားလေးတို့ကို မြင်ရတယ်။ ဆရာမရဲ့ ဥဒယကျေးရွာနဲ့ကလည်း ဖေဖေ့ရွာက တစ်စပ်တည်းဆိုတော့ တစ်ရေတည်းတစ်မြေတည်းမှာ ဆရာမနဲ့ ရင်းနှီးသလို ခံစားနေရတယ်။ နောက်ပြီး ဆရာမရဲ့ မြန်မာဓလေ့ မြန်မာ့ယဉ်ကျေးမှု မြန်မာဆန်ဆန် စာလေးတွေကိုဖြင့် သိပ်ကို ချစ်မြတ်နိုးတာပဲ။

ဆရာမရဲ့ ဝတ်လဲတော် ရွှေပုဆိုးမှာလည်း ကိုကျီးညိုကြီးကို သနားပိုလိုက်ရတာပါပဲ။ ကဲ..  အခု ဆူးပန်းခွေ သွယ်ဘယ်ယက်တဲ့။ နာမည်လေးကိုက သိပ်မြန်မာဆန်တယ်။ ဇာတ်ကောင်လေးတွေကလည်း မြန်မာဆန်လိုက်တာ။ မပုန်းရည်တဲ့ ကိုကြာစွယ်တဲ့။ ခဏခဏ နားရည်ဝနေပြီးသား အသုံးအဆောင်ပစ္စည်းနာမည် ပန်းနာမည်လေးတွေကို လူအဖြစ် နာမည်ပေးလိုက်တဲ့အခါ ချစ်စရာကောင်းလိုက်တာ။

တစ်နယ်တစ်ကျေးကနေ ရွာသိမ်ရွာငယ်လေးဆီကို စာလာသင်ရတဲ့ ဆရာမကလေး မပုန်းရည်။ ချောပါသည် လှပါသည်။ ဆရာမခင်ခင်ထူးက မတ္တရာရထားလမ်းဘေးမှာ နတ်ရေကန်ရွာကြီးကို ဖန်တီးလိုက်တယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ ဒီရွာကြီးတကယ်ပဲရှိနေသလိုလို စာဖတ်နေရင်း ချက်ချင်းပဲ မတ္တရာကို ပြေးကြည့်ချင်သလိုလို.. ။ စာအုပ် စကိုင်မိကတည်းက လက်ကနေ မချချင်လောက်အောင် စာဖတ်သူစိတ်ကို ဆွဲဆောင်နိုင်တယ်။ စာလုံးလေးတွေ ပြွတ်ကျပ်ပြီး စာမျက်နှာ ၅၀၀ ကျော်မို့ အစက မကိုင်ရဲသေးပေမယ့် စဖတ်ပါပြီဆိုကတည်းက ဆုံးတဲ့အထိ လက်ကမချချင်အောင်ပါပဲ။

ဇာတ်လမ်းကလေးက ရိုးရှင်းပါတယ်။ မပုန်းရည် နတ်ရေကန်ရွာလေးဆီ စာလာသင်သည်ပေါ့။ ရွာဆိုတော့ ရွာကျောင်းကလေး၊ မှန်မှန်လာနိုင်တဲ့ ကလေးရှိသလို တစ်ချို့ကလေးတွေကတော့ မလာနိုင်။ မလာနိုင်တဲ့ကလေးတွေကို မပုန်းရည်က လိုက်ဆွယ်ရသည်။ မိဘတွေကို နားဝင်အောင် ပြောရသည်။ ဒါကတော့ ခါတိုင်း ဆရာတပည့်ဝတ္ထုတွေအတိုင်းမို့ ဒီအထိက သိပ်မထူးခြား။ ထူုးခားတာကတော့ မပုန်းရည် စာသင်နေချိန်အတွင်း ရွာမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေ၊ ပွဲတော်တွေ၊ ဘာသာရေးယုံကြည်ကိုးကွယ်ရာနဲ့ ဆိုင်တဲ့ အယူဝါဒလေးတွေ၊ ဒါလေးတွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိအောင် ရေးသားရင်း မပုန်းရည်နဲ့ နတ်ရေကန်ရွာကြီးရဲ့သံယောဇဉ်ကို တစ်ရစ်ချင်း နွှယ်သွားတာပါပဲ။ ဖတ်ရင်းနဲ့ ပြုံးရတယ်။ ရီရတယ်။ အရိုးခံတောသူတောင်သားတို့ရဲ့ ဒိုးဒိုးပေါက်စကားတွေကို ဖတ်မိတော့လည်း ကိုယ့်ရဲ့ ရွာက အမျိုးတွေ ပြေးသတိရမိတယ်။ မပုန်းရည်ကို ဧည့်ခံတဲ့ စာမတတ်တဲ့ မျက်နှာပြားပြားနဲ့ ကိုကြာစွယ်ကြီးဆိုတာကိုလည်း သနားရ၊ ချစ်ခင်ရသေးတယ်။ ဒါ့အပြင် ကိုကြာစွယ်နဲ့အပြိုင် မြို့က အင်ဂျင်နီယာ မျိုးသွင်ဆိုတဲ့လူလည်း ပါသေးရဲ့။

စာအုပ်စင်Where stories live. Discover now