Part 3 (Unicode)

21.1K 1.7K 7
                                        

စိမ်းညို့သောတောအုပ်နှင့်ကပ်ရပ် မြင့်မားသောတောင်တန်းများ၏ အောက်ခြေတွင် အိမ်ခြေငါးဆယ်ခန့်ရှိသော ရွာလေးတစ်ရွာရှိသည်။ ရွာနှင့်တောအုပ်ကြားတွင် မကျဉ်းမကျယ် စမ်းချောင်းလေးတစ်ခုက သာယာစွာ စီးဆင်းလျက်ရှိသည်။ စိမ်းစိုသောစိုက်ခင်းများနှင့် ပျော်မြူးနေသော ကျေးငှက်ငယ်များ၊ လူသားများကို မကြောက်ရွံ့ဘဲ ယဉ်ပါးနေသည့် ယုန်ငယ်များ၊ သမင်လေးများနှင့် ထိုရွာကလေးသည် ငြိမ်းချမ်းအေးမြခြင်းသရုပ်ကို ဖော်ဆောင်နေပေသည်။

ဒန်နရယ်သည် သူနေထိုင်ရာ တဲရှေ့မှ အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ခြေဆင်းထိုင်ကာ ၀ါးပလွေဖြင့် သာယာသော သံစဉ်တစ်ပုဒ်ကို စိတ်ပါလက်ပါ မှုတ်လျက်ရှိသည်။ ချည်ထည်စတစ်ခုဖြင့် ချည်နှောင်ထားသော နက်မှောင်သည့် ဆံပင်များမှာ ခါးကျော်သည်အထိ ရှည်လျားနေပြီဖြစ်သည်။ သန့်ရှင်းစင်ကြယ်စွာ လျှော်ဖွပ်ထားသော ရိုးရာဝတ်စုံ ချည်ကြမ်းထည် အဖြူကို ဝတ်ဆင်ထားသည်။ ယခုအချိန်မှာတော့ ဒန်နရယ်သည် နုပျိုချောမောလှသည့် လုလင်ပျိုတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ အညိုရောင်မျက်လုံးများက စမ်းရေတစ်ခုလို ကြည်လင်နေပြီး ဖြူဖွေးသောအသားအရည်က ဂွမ်းစိုင်များလို နူးညံ့နေကာ နီထွေးသော နှုတ်ခမ်းများမှာ ဆောင်းမနက်ခင်းမှ ပန်းတစ်ပွင့်နှယ် ဖြစ်သည်။

စိမ်းစိုနေသော သစ်ပင်ကြီး၏ အရွက်စိမ်းများမှာ ဒန်နရယ်၏ မျက်နှာပေါ် နေရောင်မကျအောင် အုပ်မိုးပေးထားသည်။ သူ၏ အချစ်တော် ယုန်ဖြူကလေး ရာစီယိုသည် သူ၏ခြေရင်းတွင် ငြိမ်ဝပ်စွာထိုင်နေသည်။ ဒန်နရယ်၏ ပလွေသံသည် ရွာလေးတစ်ခုလုံးကို သာယာစွာလွှမ်းခြုံထားသည်။ ဒန်နရယ်၏ ပလွေသံကြားရတိုင်း ရွာသူရွာသားများသည် သူတို့လုပ်လက်စအလုပ်များကို ရပ်နားပြီး ပလွေသံကိုနားထောင်တတ်ကြသည်။ ပြီးဆုံးသွားသော သံစဉ်နှင့်အတူ ဒန်နရယ်သည်ပလွေကို နှုတ်ခမ်းမှခွာကာ မှိတ်ထားသောမျက်စိများကို ဖွင့်လိုက်မှ မလှမ်းမကမ်းတွင် ရပ်နေသော အဘွားအိုကို တွေ့လိုက်ရသည်။

"ဝင်ခဲ့လေ..အဘွား.. အဘနဲ့တွေ့ချင်လို့လား..."

"ဟုတ်တယ်လူလေး... မင်း ပလွေသံကြားတာနဲ့ အဘွားတောင် လာရင်းကိစ္စမေ့သွားတယ်.. သာယာလိုက်တဲ့သံစဉ်ကွယ်.. နားထောင်လို့ကိုမဝနိုင်ဘူး..."

Black Angel ( S - 1 )Where stories live. Discover now