Part 6 (Unicode)

10.9K 1.1K 10
                                    

မှောင်မည်းသော ကောင်းကင်ပြင်မှာ လင်းလက်သော ကြယ်ငယ်တို့ရှိနေသည်။ အေးစိမ့်သော ညချမ်းကို သတ္တဝါငယ်တို့၏ အော်မြည်သံဖြင့် ပြီးပြည့်စုံအောင် ဖြည့်ဆည်းထားသည်။ ဆောင်းဦးရာသီဖြစ်၍ တောအုပ်ငယ်တစ်ခုလုံးသည် ၀ါဝင်းခြောက်သွေ့သော သစ်ရွက်ခြောက်ကြွေများဖြင့် ကြမ်းခင်းထားသလိုဖြစ်နေသည်။ ညချမ်းလေက ခပ်အေးအေးတိုက်ခတ်နေသလို မြေပြင်မှ အစိုဓါတ်ကြောင့် ပို၍အေးသလို ထင်ရပေသည်။

သစ်ကိုင်းခြောက်များဖြင့် တောက်လောင်နေသည့် မီးပုံငယ်မှာ ညအမှောင်တွင် ထွန်းလင်းနေသည်။ ကျောက်တုံးများ ပတ်ပတ်လည်ကာထား၍ အပြာရောင်မီးတောက်များမှာ ခြံခတ်ထားသည့် တိရိစ္ဆာန်ရိုင်းတစ်ကောင်လို ယိမ်းထိုးနေသည်။ မီးတောက်ဘေးတွင် အညိုရောင်မှိုပွင့်ကြီးများကို တုတ်ချောင်းဖြင့်ထိုးကာ မီးကင်ထားသည့် သစ်ကိုင်းရှည်တစ်ချို့ရှိနေသည်။ မှိုပွင့်ကြီးများမှ မွှေးကြိုင်သော အကင်နံ့မှာ မီးပုံတစ်ဝိုက် သင်းပျံ့နေသည်။

"ဟာ.. ဟေ့ကောင် မင်းမှာ ကျောရိုးမရှိဘူးလား.. တစ်ချိန်လုံးလိုက်မှီမနေနဲ့.."

"ပင်ပန်းလို့ပါကွာ... လှဲအိပ်ရအောင်လည်း မြေကြီးကဒီလောက်စိုထိုင်းနေတာ"

ဒန်နရယ်သည် အစ်ကိုဖြစ်သူကို ကျောမှီထိုင်နေရာမှ ညည့်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အရွက်ကြွေချိန်မို့ သစ်ပင်၊ သစ်ကိုင်းများမှာ အရိုးပြိုင်းပြိုင်း မဖြစ်ရုံတမယ်သာရှိ၍ ကျယ်ပြန့်သောကောင်းကင်ကို လှမ်းမြင်နေရသည်။ အဖြူရောင်သဲ့သဲ့ မီးခိုးတန်းများပမာ ကဗျာဆန်လွန်းလှသော နဂါးငွေ့တန်းဂလက်ဆီကို ဒန်နရယ်တို့၏ ခေါင်းပေါ်မှာ ထင်ရှားစွာ မြင်နေရသည်။

"ဖေဒေ... နေ့လယ်က ငါတို့ခဏနားတုန်းက မင်းပြောတာ ဘာကိုဆိုလိုတာလဲ.."

"ဘာကိုပြောတာလဲ.."

ဖေဒေ သစ်ကိုင်းချွန်ဖြင့် ထိုးထားသော မှိုပွင့်ကို ဒန်နရယ့်ကို နောက်ပြန်ကမ်းပေးလိုက်သည်။ အပူရှိန်ကြောင့် အမည်းရောင်ပြောင်းချင်နေသည့် မှိုပွင့်ညိုကို ကိုယ်တိုင်လည်း အားရပါးရ ကိုက်စားလိုက်သည်။ မြေကြီးနံ့သင်းပေမယ့် အသားကင်တစ်ခုလို အရသာရှိလွန်းလှသည့် စိမ့်သော၊ ချိုသောအရသာကို ခံစားလိုက်ရသည်။

Black AngelWhere stories live. Discover now