Part 23 (Unicode)

8.6K 1K 20
                                    

မည်းနက်သော တိမ်ညိုတိမ်မည်းများနှင့် ပြည့်နှက်နေသော ကောင်းကင်တစ်ခုလုံးသည် နက်မှောင်နေသည်။ တောင်တန်းတောင်ကုန်းများ သစ်ပင်ပန်းမန်များအားလုံး အေးစက်တုန်လှုပ်ဖွယ် အမှောင်ထုအတွင်းမှာ ရှိနေသည်။ လူနေရွာများမှ ကြောက်ရွံ့တုန်လှုပ်စွာ ဆုတောင်းသံများ၊ အော်ဟစ်ငိုကြွေးသံများသည် လေပြင်းသံများကြားမှာ ထွက်ပေါ်လာနေသည်။ ဖြိုခွဲခံလိုက်ရသော ခြအုံတစ်ခုလို ဆောက်တည်ရာမဲ့ ပြေးလွှားပုန်းရှောင်ရန် ကြိုးစားနေသော လူသားများ၏ အရိပ်များကို မြေပြင်ထက်နေရာတိုင်းလိုလိုတွင် မြင်နေရသည်။ ဒန်နရယ်၏ ခါးကိုသိုင်းဖက်ထားသော ဖရက်ဒီ၏လက်များသည် ပို၍တင်းကြပ်လာသည်။ ဝေးကွာသော တစ်နေရာမှ မည်းနက်သော မီးတောင်ကြီးကို ဖရက်ဒီ လှမ်းမြင်နေရပြီသည်။

"ဖရက်.."

ဒန်နရယ်၏ ခေါ်သံသည် ချာချာလည်နေသော ဖရက်ဒီ၏ အတွေးများကို မျက်မှောက်ရှိရာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

"ဘာလဲ ဒန်နရယ်.."

"ခင်ဗျား စေတန်နတ်သားကို ရင်ဆိုင်နိုင်မှာပါ... ကျွန်တော်ယုံတယ်..."

ပြင်းထန်သော လေတိုးသံများနှင့်အတူ အတွင်းပိုင်းမှ မီးနီရောင် တဟုန်းဟုန်းတောက်နေသော မည်းနက်နေသည့် မီးတောင်ကြီးရှိရာသို့ သူတို့နှစ်ယောက် နီးသထက်နီးလာကြပြီဖြစ်သည်။

မင်းသာ ငါ့အနားမှာရှိရင် အရာရာကို ရင်ဆိုင်ရဲပါတယ်...

ဖရက်ဒီ ရင်ထဲမှာသာ ခပ်တိုးတိုးရေရွတ်မိသည်။ မည်းနက်သော ချော်ရည်ချော်ခဲကျောက်ဟောင်းများသည် တောင်ပတ်ပတ်လည်တစ်ဝိုက်တွင် လွှင့်ပစ်ထားသော အမှိုက်ဟောင်းများလို ဝန်းရံပြည့်သိပ်နေသည်။ ပုပ်ဟောင်နံစော်နေသော လူသားများ၏ အသွေးအသားပုပ်များ၏ ရွံရှာဖွယ်အနံ့ဆိုးများသည် မီးတောင်ထက်မှာ ခြေမချရခင်ကတည်းက ဖရက်ဒီ၏ နှာခေါင်းထဲ တိုးဝင်လာနေသည်။

"ဒါ စေတန်နတ်သားနေတဲ့နေရာလား..."

"ဟုတ်တယ်..အခုငါရောက်လာလိမ့်မယ်ဆိုတာ ဖခင်သိနေပြီ..."

Black AngelWhere stories live. Discover now