ကျောခိုင်းလို့ထားပေမဲ့
အခန်း - ၁ကျုံးရေပြင်ကို ငေးကြည့်နေရာမှ ဖြိုးတိုးဖြောက်တောက် ကျဆင်းလာသော မိုးရေစက်တို့ကြောင့် မှုန်မှိုင်းမှိုင်းကောင်းကင်ညိုကြီးကို သူတစ်ချက်မော့ကြည့်လိုက်သည်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် မန္တလေးသို့ ရောက်ရှိခြင်းဖြစ်သည့် သူ့အား အေးမြခြင်းဖြင့် ကြိုဆိုလိုက်ခြင်းပေလား။
"တူ…တူ…တူ"
ဖုန်းလာနေသည်မို့ မိုးလွတ်ရာ ခပ်ကြီးကြီးအပင်ကြီးအောက်သို့ အပြေးဝင်ခိုရင်း ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်တော့ မန္တလေးမှ ဘော်ဒါကြီး Jackson ထံမှ ဖုန်းခေါ်ခြင်းပင်။
"အွန်း Jack ငါ မန္တလေးရောက်နေပြီ။"
"မင်းအခုဘယ်နားမှာလဲ ငါလာခေါ်မယ် ငါ့hotelမှာပဲ လာတည်းလိုက် ငါစီစဉ်ထားပြီးပြီ။"
သို့ဖြင့် သူရောက်နေရာကိုပြောလိုက်ကာ ထိုနေရာ၌ပင် Jackson အလာကို သူဆက်စောင့်နေလိုက်သည်။
နာရီဝက်မကြာခင်မှာပင် Jackson ရောက်လာသည်။ သူကားပေါ် တက်တက်ချင်းပင် Jackson တစ်ယောက် ထုံစံအတိုင်း စကားနာလေးနှင့် စတော့သည်။
"မင်းက မြန်မာနိုင်ငံကိုလာမယ်ပဲ ပြောပြီး မန္တလေးလာမယ်လို့ ပြောမထားတော့ ငါ့မှာ လေဆိပ်တောင် လာမကြိုလိုက်နိုင်ဘူး ပြီးမှ ငါ့ကို ဧည့်ဝတ်မကျေဘူး မပြောနဲ့"
"အေးပါ ငါလည်း မင်းအလုပ်ရှုပ်မှာစိုးလို့ မပြောတာပါ။ မင်းက အားတဲ့ကောင်မှမဟုတ်တာကို ငါအတွက် အလုပ်တွေပိုနေမှာပေါ့။"
"ခု…က အလည်သက်သက်လား အကြောင်းကိစ္စတစ်ခုခုရှိလို့လာတာလား"
"နှစ်ခုလုံးပဲ"
"ဘာပဲဖြစ်ဖြစ်ကွာ အကူညီလိုရင်ပြော မင်းက ဒီကို ခုမှရောက်ဖူးတာဆိုတော့ မင်းသွားလိုရာ လိုက်ပို့ပေးနိုင်တဲ့သူလိုခဲ့ရင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။"
"အင်းးးးး မန္တလေးလမ်းတွေ ကျွမ်းကျင်နှံ့စပ်တဲ့သူ ရနိုင်ရင်တော့ အကောင်းသား။"
"ဟုတ်ပြီ မပူနဲ့ ရစေရမယ်"
Jackson အလုပ်ကိစ္စတစ်ခု ဖုန်းဝင်လာရာ နှစ်ယောက်သား စကားစပြတ်သွားကြပြန်သည်။ သူလည်း ကားပြတင်းမှ အပြင်ငေးကြည့်ရင်းသာ လိုက်ပါလာခဲ့တော့သည်။
YOU ARE READING
ကျောခိုင်းလို့ ထားပေမဲ့
Fanfictionထွက်ခွာဖို့အတွက် ကျောခိုင်းရပ်နေတယ်ဆိုရင်တောင် ကိုယ်တို့က စက်ဝိုင်းပေါ်မှာ ရပ်နေကြတာပဲ ဖြစ်ရမယ်။ မျက်နှာမူထားတဲ့အတိုင်း ကျောခိုင်းထွက်ခွာခဲ့တယ်ဆိုရင် စက်ဝိုင်းမျဉ်းအတိုင်း လျှောက်လာခဲ့ တချိန်ချိန်ကျ မလွဲမသွေ ပြန်ဆုံကြမှာပဲ။