ခွင့်ပြုပါ
အပိုင်း(၅)
#ခွင့်ပြုပါ
"အထွေး…ခဏ…"
"ဟင်…"
ခုတလောတော့ သူ စကားကောင်းကောင်းမွန်မွန် ပြောပြီး ရင်းရင်းနှီးနှီး ရှိနေပြန်သည်..။
သူ့အမေ ကိုတော့ မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေဆဲပါပဲလေ..။
ပန်ပန့်ရဲ့ မြန်မာ စာအုပ်ကို စားပွဲပေါ် ပြန်ချပြီး သူဝင်သွားတဲ့ မီးဖိုခန်းကို လိုက်သွားရသည်..။
ထမင်းစားပွဲ အနားမှာ ရပ်ပြီး စောင့်နေတဲ့ သူ့ကို တွေ့တော့ ထမင်းပြင်ခိုင်းမလို့လား တွေးမိသေးသည်..။
"အထွေး.."
"ထမင်းစားမလို့လား…နိုနို…"
"ဟင့်အင်း..မဟုတ်ဘူး…နေ့ခင်းက အိမ်ကို ဧည့်သည်လာသေးလား.."
ထွေး အံသြရင်း ခေါင်းရမ်းလိုက်တော့ သက်ပြင်းချပြီး စားပွဲပေါ်က ရေဘူးကို လှမ်းယူ၍ မော့သောက်သည်..။
သူကျောင်းက ပြန်ရောက်ချင်း "အိမ်ကို ဘယ်သူလာသေးလဲ " လို့ စိုးစိုး ကို မေးပြီးသားပါ..။
အိမ်ကို ဘယ်သူလာဖို့ ရှိလို့လည်း..။
သူ့ပုံစံကို ကြည့်ရတာတော့ ဧည့်သည်ကို မျှော်လင့်နေတဲ့ ပုံစံ မျိုး မဟုတ်..။
ထွေး မေးလို့လည်း မကောင်းတာကြောင့် ပန်းကန် တစ်ချပ်ယူပြီး ထမင်းပြင်ဖို့ လုပ်ပေးရသည်..။
"နိုနို…ဒီမှာ စားမလား…ငါ အပေါ် ပို့ပေးရမလား.."
"ဘာချက်လည်း.."
"ကြက်သားဆီပြန်လေ…အရည်သောက်က ဘူးသီးဟင်းခါးလေး ချက်တယ်…"
"အထွေး…ချက်တာလား.."
"အင်းပေါ့…"
"ဒါဆို..စားမယ်လေ…ကျွန်တော် အိမ်မှာ ထမင်းမစားချင်တာ ကြာပြီ…စိုးစိုး ချက်တာ ဟင်းတောင် ဖြစ်ရဲ့လား မသိဘူး..မာမီကတော့ အိမ်အကြောင်း စိတ်မ၀င်စားတာကြာပြီ.."
တစ်ခုခု ကို နာကျင်မှုက သူ့မျက်နှာမှာ အထင်းသားဖြင့် နှုတ်ခမ်းမဲ့ကာ ပြောတော့ ထွေး ထမင်းပွဲကိုပဲ အာရုံစိုက်၍ ပြင်ပေးနေရသည်..။
ကိုယ်မေးလိုက်လို့လည်း ပြောချင်မှ ပြောမှာလေ..။
"နိုနို စာမေးပွဲက သိပ်မလိုတော့ဘူးနော်…"
"ဟုတ်တယ်…အထွေး…ပန်းကန် သပ်သပ် မလုပ်နဲ့ တစ်ခါတည်း နယ်ပေးပါလား…"
ထွေး ဟင်းထည့်လက်စ ပန်းကန်ကို အိုးထဲ ပြန်လောင်းထည့်လိုက်ကာ ဟင်းကို ထမင်းပန်းကန်ထဲထည့်ပြီး ဇွန်းနဲ့ နယ်ပေးရသည်..။
ဟင်းခါး ပန်းကန်လုံးလေး ကို အရင်ချပြီး ထမင်းပန်းကန်ကို ဇွန်းတပ်ကာ ချပေးလိုက်တော့ စားပွဲမှာ ၀င်ထိုင်လိုက်သည်..။
"ဘယ်လိုလဲ..အစပ်တည့်ရဲ့လား.."
"အင်း..ကောင်းပါတယ်…အထွေးက ဟင်းချက်လက်ရာ ကောင်းတယ်နော်…အထွေးပြန်ရင် ကျွန်တော် တို့ စားတက်မှာ မဟုတ်တော့ဘူး.."
"စိုးစိုးကိုလည်း နည်းနည်းချင်းစီ သင်ပေးနေပါတယ်..နိုနိုရဲ့…"
"သူလား တက်မှာ…အမြဲလွဲနေတာပဲ…"
ကလေး တစ်ယောက်လို နှာခေါင်းရှုံ့ရင်း ပြောတော့ ထွေး ပြုံးရင်း ရေခွက် ချပေးလိုက်ကာ ငရုတ်သီးဆီကြော် ဘူးလည်း ဖွင့်ပေးလိုက်သည်..။
"နိုနို စက်ဘီးစီးတက်ပြီလား.."
"ဟင်.."
ထမင်းလုပ်ဝါးရင်း နားမလည်သလို ခပ်ကြောင်ကြောင် ကြည့်တော့ ထွေး ရယ်မိသည်..။
အခုကျပြန်တော့လည်း ကလေးလေး ပြန်ဖြစ်သွားပြန်ပြီ..။
"ရွာကို လာတုန်းက စက်ဘီးစီး မသင်လိုက်ရဘူးလေ…အဲတုန်းက နိုနို ကောက်ပြီး ပြန်သွားတာမလား.."
"ဟုတ်လား…ရွာ မရောက်တာ ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး အထွေးရဲ့..ဒီလိုမှန်းသိ ကျွန်တော် စက်ဘီး မသင်ပါဘူး.."
"သြော်…စီးတက်ပြီပေါ့…"
"အင်း…ခုနှစ်တန်းတုန်းက စက်ဘီး တစ်စီး ၀ယ်ပေးတယ်လေ…."
"ဘယ်သူသင်ပေးလည်း…"
ထွေး မေးလိုက်တဲ့ မေးခွန်းက သူ့ကို ထိခိုက်သွားပြန်ပြီ ထင်ပါရဲ့…။
မျက်နှာ ချက်ချင်း ပျက်သွားကာ လက်ထဲက ဇွန်းကို ချပြီး ရေခွက်လှမ်းယူသောက်သည်..။
ဟုတ်ပါရဲ့….သူ့အဖေ ကို သတိရသွားပြန်ပြီ..။
ထွေးမှာ သူ နဲ့ စကားပြောတိုင်း ထိန်းသိမ်းပြောနေရပေမဲ့ တစ်ချိန်ချိန်တော့ မှားမိတာပါပဲ..။
"ဟင်းခါးသောက်ဦးလေ…နိုနို…"
"ကျွန်တော် သိပ်မကြိုက်ဘူး.."
"သြော်…အင်း…ညနက်တဲ့ အထိ စာမကျက်နဲ့နော်…"
"ဟုတ်တယ်…မနက်ကျရင် ခေါင်းမူးတယ်…အထွေး ဆယ်တန်းတုန်းကကော ဘယ်လို စာကျက်လည်း.."
"အဟွင်း… တစ်ဘာသာ တစ်ည ကျက်တာလေ…"
"ညဏ်ကောင်းလို့ ဖြစ်မယ်…ကျွန်တော်တော့ မရပါဘူး..စာကျက်နေရင်း တွေးစရာတွေ ရောက်လာရင် အဆင်မပြေတော့ဘူး..တစ်ခါတလေ ရှေ့က စာအုပ်က ကျက်စရာ မဖြစ်ပဲ ဆွဲဖြဲစရာ ဖြစ်သွားကော.."
"အိုး…နိုနိုက စိတ်ကြီးတာကိုး…အရာရာ မှာ အဖြေ တော့ ရှိမှာပဲ..ဒေါသသိပ်ကြီးတာ မကောင်းဘူး.."
ထွေး က အကြီးတစ်ယောက်အနေနဲ့ စေတနာထား ဆုံးမမိပေမဲ့ စိတ်ဆိုးဦးမလား တွေးမိသည်..။
ဒီတစ်ခါတော့ ကိုယ်တော်ချောလေး က ခေါင်းညိတ်နားထောင်ပေးဖော်ရပါသည်..။
ထမင်းပန်ကန်လည်း ကိုယ်တိုင်ဆေးပြီး ရေဘူးယူကာ အပေါ်တက်သွားတော့ ထွေး စိတ်ထဲ ကြည်နူး မိသည်..။
အဲလိုလေး အမြဲလိမ်မာရင် ဘယ်လောက်များကောင်းမလည်း နိုနိုလေးရယ်…။
.
"အထွေးရေ…"
"ဟော..ပြန်လာပြီလား.."
"အင်း…ဒီမှာ အထွေးစားဖို့…စိုးစိုး ကို မကျွေးနဲ့နော်.."
ကလေး တစ်ယောက်လို တွန့်တိုစွာ ပြောလိုက်တော့ မီးဖိုခန်းထဲက စိုးစိုး ကြားမှာစိုးလို့ မျက်လုံးပြူးဖြင့် ဟန့်တားရသည်..။
သွားကြဲ ရယ်ပြကာ လွယ်အိတ်ကို ချွတ်ပြီး အရီးလေး အနားကို ရောက်သွားသည်..။
"ဖွားလေး..နေမကောင်းသေးဘူးလား.."
"ကောင်းပါပြီအေ…"
"ဘာဖြစ်လို့လည်း.."
"ရွာပြန်ချင်ပြီ…"
"အိုး..အထွေးတောင် ဘာမှ မပြောဘူး..အရီးလေး က ရွာမှာ ဘယ်သူရှိလို့လည်း.."
"တူမလားအေ….သူက လူငယ်ပေကိုး.."
"ဟာ..လူငယ်..မဟုတ်ပါဘူး..လူငယ်ဆိုတာ ကျွန်တော်တို့ အရွယ်ကို ပြောတာလေ…သူ့အရွယ်က အဘွားကြီး ဖြစ်နေပြီ…"
"ဟဲ့…နိုနိုနော်…"
"ဟုတ်တယ်မလား..ဖွားလေး.."
အရီးလေး က ဘာမှ မပြောပဲ ပြုံးနေတော့ သူက စ စရာ စကားတစ်ခွန်းရသွားသလို ဘွားထွေး လို့ ခေါ်သည်..။
"ငါ့မြေး ဒီနေ့တော့ မြူးနေသလိုပဲအေ.."
"ဟဲ..ဟဲ..ဟုတ်တယ်…ကျွန်တော် ကျူရှင်က ပြန်တော့ အင်တာနက် ဆိုင်သွားသေးတယ်လေ….ဒက်ဒီနဲ့ စကားပြောရတယ်…"
"ေ့သြာ်…နေကောင်းတယ်မလား…"
"ကောင်းတယ်…အရင်အတိုင်းပဲ…"
သူ ပျော်နေတဲ့ အကြောင်းကလည်း သူ့အဖေ နဲ့ပဲ သက်ဆိုင်နေတော့ အန်တီဝါ၀ါ ကို သနားမိပြန်သည်..။
အန်တီဝါ၀ါ နဲ့ ပတ်သက် ပြိး သူ့ကို နားချ မရတာ သိထားတော့ ထွေး သက်ပြင်းချရုံသာ တက်နိုင်သည်..။
သူနဲ့ နေတာ တစ်လနီးနီး ရှိလာပေမဲ့ ခုချိန်ထိ သူ့စိတ်ကို နားမလည်နိုင်သေး..။
မေမေဆီ ဖုန်းဆက်ပြီး သူ စာမေးပွဲ ပြီးမှ ပြန်ခေါ်ဖို့ ပူဆာထားလို့ ထွေး လည်း စာမေးပွဲ မပြီးမချင်း ဆက်နေရတော့မည်..။
"နိုနို…ဒါဘာမုန့်လည်း.."
"ကော်ဖီအေး နဲ့ ဒိုးနက်လေ.."
"သြော်…ပန်ပန် တို့ကိုလည်း ကျွေးဦးမယ်…ငါ တစ်ယောက်တည်း မကုန်ဘူး.."
"ဘွားထွေး က အဲဒါကြောင့် ပိန်နေတာပေါ့.."
"ဟောတော့…နိုနို အဲလို မခေါ်နဲ့နော်…ငါ မကြိုက်ဘူး.."
"ဟား..ဟား....ဘွားထွေးရေ…"
လှေကားတွေ ကို ပြေးတက်ရင်း အော်ခေါ်သွားတော့ မကြိုက်ဘူး ပြောလိုက်မိတာ မှားပြီလို့ နောင်တရမိသည်..။
အရီးလေး ကလည်း ရယ်ပြီး နားထောင်ကောင်းတယ် ပြောတော့ စိတ်ညစ်ရသည်..။
ဒီနာမည်ကြီး တွင်သွားရင်တော့ သွားပါပြီ..။
ထွေး ရေဘူးသွားပေးတော့လည်း အခန်းထဲက သီချင်းဆိုသံ သဲ့သဲ့ ကြားရသည်..။
သူ ဒီလို ပျော်နေတော့လည်း တစ်အိမ်လုံး အေးချမ်းနေတာပါပဲလား..။
.
"ဘွားထွေး.."
"နိုနို နော်…အဲလို မခေါ်ပါနဲ့ဆို…"
"ဟား..ဟား…ခေါ်လို့ ကောင်းပါတယ်…ဘွားထွေးရဲ့…ဒီမှာ ကျွန်တော် ရေးထားတဲ့ စာစီစာကုံးလေး ဖတ်ပေးပါလား.."
"ဟယ်..စာမေးပွဲ ဒီလောက်နီးနေတာ စာစီစာကုံးရေးရလား.."
"အိုး…ကြာပါပြီ……ဘွားထွေး အားနေလို့ အလုပ်ပေးတာလေ…"
"ကောင်းရော…"
သူလှမ်းပေးတဲ့ စာအုပ်ကို ဆွဲယူပြီး အောက်ထပ်ကို သယ်ခဲ့ရသည်..။
အရီးလေး ကို ထမင်းပန်းကန် ပြင်ပေးပြီး အနားမှာထိုင်ကာ စာစီစာကုံး ဖတ်ရပြန်သည်..။
"မမထွေး.."
"ဟင်….ပြော..သုသုလေး…"
"မမထွေး တို့ဆီမှာ ပုစွန်လုံး ရှိလား.."
"ရှိတယ်လေ…ကလေးရဲ့..လယ်ကွင်းစပ်တွေမှာ ရှိတာပေါ့…"
"သား စားချင်လိုက်တာ.."
"ဟယ်တော့…"
"ဟုတ်တယ်..ဒီနေ့ ဆရာမ က ရွာမှာ စားခဲ့တာ ပြောပြတာ သားတောင် စားချင်သွားတယ်…"
"ဟား..ဟား….ကြည့်ပါဦး…ဗိုက်ကလေး ပူနေပေမဲ့ ထမင်းသွားထပ်စားလိုက်လေ…."
"ထမင်းစားလိုက်ရင် မစားချင်တော့ဘူးပေါ့…"
"အေးပါ…ကြက်သားကြော် ထည့်စားလိုက်.."
"ဟိဟိ..ဟုတ်ကဲ့…"
ကြက်သားကြော် ထပ်စားချင်လို့ အကြောင်းပြနေတာ သိတော့ ထွေး ခွင့်ပြုလိုက်ရတော့သည်..။
ကြက်သားကြိုက်တဲ့ မိသားစုမှာ ဧည့်သည် လာလုပ်နေရတော့လည်း ထွေး မကြိုက်ပေမဲ့ ကြက်သားချည်း နေ့တိုင်း အမျိုးမျိုး လုပ်ကျွေးနေရသည်..။
စာစီစာကုံး ကို အတော် အဆင်မြင့်အောင် ရေးထားတော့ ပန်ပန့် ဆီက ခဲတံ တောင်းပြီး တော် လို့ ရေးပေးလိုက်သည်..။
အခုတလော အန်တီဝါ၀ါ က ညခုနှစ်နာရီလောက်မှ ပြန်လာတက်သည်..။
မိန်းမတစ်ယောက်အနေနဲ့ မိသားစု တာဝန်အပြင် စီးပွားရှာနေရတာ ကြောင့် သနားလည်း သနားပါသည်..။
"စိုးစိုးရေ…"
"ရှင်…"
"ကြက်ကြော်နည်းနည်း နဲ့ အချည်ရည် ထည့်ပါဦး..နိုနို ကို သွားပေးလိုက်.."
"မမ သွားပေးလိုက်နော်…"
စိုးစိုး က မီးဖိုခန်းထဲ ၀င်သွားကာ ကပျာကယာ ထည့်ပြီး ပြန်ယူလာတော့ ထွေး ရယ်မိသည်..။
တော်တော် လေး ကို ကြောက်တက်လိုက်တာ..။
အန်တီဝါ၀ါ ကိုတောင် ဒီလောက်မကြောက်ပါဘူး..။
"ကြောက်တက်လိုက်တာဟယ်…ငါ့မောင်က လူဆိုးကြီး မဟုတ်ပါဘူး.."
"ကြောက်ရတယ်..မမထွေးရဲ့…ကိုကြီးက လက်တောင် ပါတက်သေး…"
"ရိုက်လို့လား.."
"သမီးကို မရိုက်ပါဘူး..သုသု ကို ရိုက်တာတွေ့ပြီး ကြောက်တယ်…"
"ဖြစ်ရတယ်…ပေး…"
ပန်းကန် လှမ်းယူပြီး စာစီစာကုံး စာအုပ်ကိုင်ကာ အပေါ်သို့ တစ်ခါ တက်ရပြန်သည်..။
တော်ပါသေးရဲ့ လှေကားက သေးပေလို့..။
တံခါးကို လက်နဲ့တွန်းကြည့်တော့ ပွင့်သွားသည်..။
အခန်းထဲ ရောက်တော့မှ ခုတင်ပေါ်မှာ အိပ်ပျော်နေတာ တွေ့တော့ ပြုံးမိသည်..။
ပန်းကန်ကို စာကြည့်စားပွဲပေါ် တင်ပြီးစာအုပ်ကိုလည်း တင်လိုက်ကာ ဖွင့်လက်စ စာအုပ်ဆီ အကြည့်ရောက်သွားသည်..။
ပုံတွေ ဆွဲနေတာပဲ…။
စာအုပ်ရှေ့မှာ မိသားစု ဓာတ်ပုံလည်း ချထားတော့ မအိပ်ခင် စိတ်ရှုပ် ဒေါသ ထွက်သေးလားလို့ စိတ်ပူမိသည်..။
ထွေး နောက်မှာ အိပ်ပျော်နေတဲ့ သူ့ဆီကို အကြည့်ရောက်သွားကာ သက်ပြင်းမော ချလိုက်ရသည်..။
မိသားစု ပြဿနာတွေနဲ့ ဆယ်တန်းဆိုတဲ့ စာမေးပွဲကြီးကြား ဘယ်လောက်တောင် ပင်ပန်းမလည်း တွေးကြည့်လို့ ရပါသည်..။
အိပ်တာတောင် နေရာကျအိပ်တာ မျိုး မဟုတ်ပဲ ခြေထောက်တစ်ဖက် က ခုတင်အောက်ကျနေသေးသည်..။
လေအေးပေးစက် ကြောင့် အရမ်းအေးနေမှာ စိုးမိကာ ဘေးနားက စောင်ပါးလေး ကို ဆွဲပြီး ခြုံပေးလိုက်၍ ခြေထောင်ကို ဖြည်းဖြည်း ပြန်တင်ပေးလိုက်သည်..။
ဆံပင် ပွယောင်းယောင်း လေးနဲ့ ကလေး တစ်ယောက်လို နှုတ်ခမ်းစူ အိပ်နေပုံလေးကြောင့် ထွေးပြုံးမိသည်..။
အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ နိုနို့ကိုငေးရင်း ငယ်ငယ်တုန်းက ရုပ်ကလေးကို မြင်ယောင်သည်..။
မျက်ခုံးလေးတွေ မျက်လုံးလေး ပိုထင်းလာပေမဲ့ အရင်အတိုင်းပါပဲ..။
သြော်…ပါးချိုင့်လေးလည်း ပိုနက်သွားသေးတာပဲ…။
နှုတ်ခမ်းမွှေး နုနုရေးရေးလေး နဲ့ တင်းစေ့နေတဲ့ နှုတ်ခမ်းလေးကို ငေးကြည့်ရင်း ရင်ထဲထိတ်သွားသည်..။
အို….သူ့ နှုတ်ခမ်းလေးက ကို နဲ့ တူလိုက်တာ…။
ထွေး သေချာငေးကြည့်ရင်း အိပ်တဲ့ ပုံစံကလည်း ကို နဲ့ တူတူ ပဲမို့ ရင်တွေ တဒိတ်ဒိတ် ခုန်လာပြန်သည်..။
ထွေး ရဲ့ ကို က ဆံပင်တိုလို့ နဖူးပေါ် သိပ်မကျတာ သတိရကာ..
မရည်ရွယ်ပါပဲ လက်က အလိုအလျောက် ဆံပင်တွေကို သပ်တင်ပေးလိုက်မိသည်..။
အမလေး…ငါ ဘာလုပ်နေတာလည်း..။
ထွေး ခလုတ်တိုက်မတက် ခြေလှမ်းဖြင့် အခန်းထဲက ထွက်ကာ လှေကားတွေကို ကပျာကယာ ဆင်းခဲ့လိုက်သည်..။
"ထွေး.."
"ရှင်.."
အန်တီဝါ၀ါ ရဲ့ ခေါ်သံက သာမာန်ပေမဲ့ ထွေး မှာ လန့်ဖြတ်၍ ကိုယ်လေး တုန်သွားသလို ၇ှိသည်..။
အိမ်ရှေ့ခန်းကို ရောက်သွားတော့ အန်တီဝါ၀ါ က ပြုံးပြပေမဲ့ မလုံမလဲ ဖြင့် ကြောင်ကြည့်နေမိသည်..။
"ကျေးဇူးတင်ပါတယ်…ကလေးရယ်.."
"ရှင်.."
"ကလေး ရှိလို့ အန်တီ အလုပ်တွေ ကောင်းကောင်းလုပ်လို့ရတာလေ…မေမေ့ကို ဆေးတိုက်ပြီးပြီဆို…သမီးတော့ ပင်ပန်းနေမှာပဲနော်…"
"ဟာ..မဟုတ်တာ…ထွေး မပင်ပန်းပါဘူး..အန်တီရယ်.."
"အန်တီသိပါတယ်…"
"ထမင်းပွဲ ပြင်လိုက်မယ်နော်…"
"အန်တီစားခဲ့ပြီ…သုသု တို့ စာကြည့်နေတယ် ထင်တယ်…"
"သြော်…ဟုတ်တယ်…ကျက်စာပြီးပါပြီ…စာရေးနေကြတယ်…"
"ဟဲ့…၀ါဝါ…ရီရီ က အိမ်ပြန်ရမှာနော်…ညည်း မအားလည်း လူလေး ဘာလေး ခုကတည်းက ထပ်ရှာထား…စိုးစိုးက ဘာမှ အသုံးကျတာ မဟုတ်ဘူး.."
"သမီး သိပါတယ်…မေမေရယ်…လူရှာရခက်လို့ပါ…"
"ပြောလိုက်ရင် ဒါပဲ…"
"…….."
အရီးလေး နဲ့ အန်တီဝါ၀ါ စကားပြောနေတာ ကို နားမထောင်တော့ပဲ မီးဖိုခန်းထဲ ၀င်ခဲ့ကာ ရေတစ်ခွက် မြန်မြန် သောက်ရသည်..။
ဒုက္ခပါပဲ…..ငါ့ရင်ဘတ်တွေ ဘာဖြစ်နေတာလည်း..။
မဟုတ်တာ တစ်ခုခု လုပ်ထားတဲ့ လူလို အန်တီဝါ၀ါ မျက်နှာကိုတောင် သေချာမကြည့်ရဲပဲ ကြောက်ရွံထိတ်လန့် နေမိသည်..။
"မမထွေး.."
"အမလေး.."
"ဟယ်…ဟိဟိ…လန့်သွားလား…"
"ဟမ်…အင်း.."
"ကိုကြီးကလေ…"
"ဟင်…"
ထွေးမှာ မျက်လုံးပြူးရင်း စိုးစိုးကို ကြောင်ကြည့်နေမိတော့ စိုးစိုး က ရယ်ကြဲကြဲ ဖြင့် ပန်းကန် တစ်ချပ် ယူကာ
"ထမင်းစားမယ် ဆိုရင် မမထွေး လုပ်ပေးလိုက်ပါလား…သမီး မီးပူထိုးရင်း ရုပ်ရှင် ကြည့်ချင်လို့ပါ…"
"သြော်…အေး.."
ထွေး မှာ ရင်ဘတ်ထဲက စိုးရိမ်နေတဲ့ တင်းကြပ်မှုတွေ လျော့ပါးသွားလို့ သက်ပြင်းလည်း ချလိုက်ရသည်..။
စိုးစိုး ကတော့ ပုံမှန် အတိုင်း အိမ်ရှေ့ ပြန်ထွက်သွားပေမဲ့ ထွေးမှာတော့ စိတ်ရှုပ်စွာ ထိုင်နေမိသည်..။
'ကို'က ခုဆိုရင် ဘ၀ ကို အတည်တကျ ဖြတ်သန်းနေပြီလေ..။
ဘာကိုများ မျှော်လင့်နေတာလဲ….။
ရူးများနေတာလား ရီရီထွေးရယ်….။
ပန်ပန် နဲ့ သုသု စာရေးပြီးလို့ ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်ချိန် မှာလည်း ထွေး ရင်ဘတ်ကြီးက ပုံမှန် ပြန်မဖြစ်သေး..။
ထမင်းလည်း သွားမပို့တော့ နိုနို က အောက်ထပ်ဆင်းလာပြီး စားသည်..။
"ဘွားထွေး…"
"ဟင်…"
"ကျွန်တော် ကြက်ကြော်စားလိုက်လို့ ထမင်း မကုန်တော့ဘူး.."
"သြော်…အင်း..ထားခဲ့လိုက်လေ.."
"တော်ရတဲ့ ကျောင်းသားဆိုတော့ ဆရာမပဲ ပန်းကန်ဆေးပေးနော်…ဟဲ..ဟဲ.."
မီးဖိုခန်းထဲက သူ ထွက်သွားတော့မှ ထွေး ၀င်ရဲတော့သည်..။
စားလက်စ ပန်းကန်ကို သိမ်းပြီး အိမ်ရှေ့ခန်းလည်း ပြန်မသွားချင်လောက်အောင် စိတ်တွေ လေးလံနေပြန်သည်..။
"မမထွေးရေ…မင်းသား ပြန်လာပြီ…"
"ဟင်…လာပြီ..ပန်ပန်လေးရေ…"
ပန်ပန် က အော်ခေါ်လို့ အိမ်ရှေ့ခန်း ပြန်ရောက်ခဲ့ပေမဲ့ ရုပ်ရှင်မှာလည်း စိတ်မပါခဲ့ပါ..။
အရီးလေး ကို နို့မှုန့်ဖျော်တိုက်ပြီး ဆေးတစ်ကြိမ် ထပ်တိုက်ကာ အလုပ်ရှာမိသည်..။
အိပ်ချိန် ရောက်တော့လည်း စိုးစိုး နဲ့ ပန်ပန် အိပ်ပျော်သွားတဲ့ အချိန်ထိ ထွေးမှာ အိပ်မပျော်နိုင်သေး..။
ကိုယ့် အမြင်ကို သတိပေးတဲ့ အနေဖြင့် အသည်းကွဲခဲ့ရသည့် အတိတ်ကို ပြန်တွေးရတော့သည်..။
နာကျင်စရာတွေကို ပြန်သတိရတော့ မျက်ရည်အလိုလို ကျကာ ၀မ်းနည်းရပြန်သည်..။
အခုဆိုရင် တစ်ချိန်က အရမ်းချစ်ပြီး မြတ်နိုးရသူ တစ်ယောက် ဇနီးလောင်းလေးကို ရင်ခွင်ထဲ ထည့်ပြီး အိပ်ပျော်နေပြီ ထင်ပါရဲ့လေ..။
နှလုံးသားဒဏ်ရာက ပြန်တွေးရုံဖြင့် နက်ရှိုင်းစွာ နာကျင်ရပါသည်။
ဒါပေမဲ့…..။
.
"ဘွားထွေး.."
"ဟင်…"
"ကျွန်တော့်ကို ရေဘူးလာပို့ပေးပါလား.."
"သြော်…ပို့လိုက်မယ်…"
"အထွေး ကိုယ်တိုင်နော်…"
"……."
ထွေး မှာ စကားပြန်မပြောနိုင်ခင် သူက မီးဖိုခန်းထဲက ထွက်ပြီး လှေကားလေးပေါ် ရောက်သွားပြီ..။
ကျောင်းစိမ်း ၀တ်ထားတဲ့ နိုနို က အရပ်ရှည်ပေမဲ့ ကလေး ပါပဲလေ..။
အခုရက်ပိုင်း စိုးစိုး နဲ့ သုသု ကိုပဲ ထမင်းပို့ခိုင်း လိုအပ်တာ ခိုင်းပြီး အရီးလေး အနားမှာပဲ ထွေး ကပ်နေမိသည်..။
တစ်စုံတစ်ယောက် ကိုမြင်ယောင်မိပြီး ကလေးတစ်ယောက် ကို ရင်ခုန်စိတ်လှုပ်ရှားမိတာ ပြန်သတိရတိုင်း ကိုယ့်ကိုယ်ကို ရွံ့မုန်းရပါသည်..။
အခုတော့ အထွေး ကိုယ်တိုင် လို့ သတိပေးသွားပြီမို့ ထွေး သက်ပြင်းချမိသည်..။
ရေခဲရည် တစ်ဘူးယူပြီး လှေကားတွေ တက်ကာနီး စိတ်ရှုပ်လာသည်..။
အို…ခဏတာ အစားထိုး စိတ်လှုပ်ရှားမိတာလေ…။
ပြီးတော့ နိုနို မရိပ်မိအောင် အရင်အတိုင်းနေတာ ပိုကောင်းပါတယ်..။
လှေကားတွေကို တက်သွားကာ အခန်းတံခါးကို ခေါက်လိုက်တော့ ဖွင့်ပေးသည်..။
"မာမီ ပြန်လာပြီလား.."
"ဟင့်အင်း.."
"ကျစ်…"
"ခဏနေ ပြန်လာမှာပါ…"
သူ့ ဒေါသ ကို ကြိုတင်တားဆီးတဲ့ အနေဖြင့် ပြောလိုက်တော့ ခေါင်းညိတ်ပြီး အခန်းထဲ ၀င်ဖို့ ခေါ်သည်..။
သူက ပုံမှန် အတိုင်းပေမဲ့ ထွေးမှာက စိတ်ထဲ လန့်သလိုလို ရှိသည်..။
အခန်းတံခါး ပြန်ပိတ်တော့ ပိုဆိုးသွားသည်..။
"ဘာ…ဘာဖြစ်လို့ တံခါး ပိတ်တာလည်း..နိုနို…"
"ပြောစရာ ရှိလို့…"
"……"
"ဒီမှာ…အထွေး.."
သူ့လက်ထဲ ပါလာတဲ့ ဖုန်းလေး တစ်လုံးကို လှမ်းပေးတော့ ထွေးကြောင်သွားသည်..။
ဖုန်းတစ်လုံး ကို ဘာဖြစ်လို့ ထွေးကို ပေးတာလည်း..။
ပေးချင်လို့ဆိုရင် အောက်ထပ်မှာ ပေးလည်း ရတာပဲ..။
သူ့ အိပ်ပျော်နေတာကို ထွေး ရပ်ကြည့်မိတာ သိများသွားပြီလား..။
မရိုးမသားတဲ့ စိတ်နဲ့မို့ အိမ်က လူတွေ မသိအောင် လက်ဆောင်ပေးချင်တာမျိုးလား.။
"ဒီဖုန်းယူထားပါ…"
"ဘာဖြစ်လို့လည်း.."
"စာမေးပွဲ နီးတော့ ကျွန်တော် ကျူရှင်မှာ ဘော်ဒါ ပုံစံ သွားနေရမယ်…"
"သြော်…အိမ်ဖုန်းလည်း ရှိတာပဲ.."
"မဟုတ်ဘူး..မဖြစ်ဘူး..အိမ်ကို လူတစ်ယောက်လာရင် ကျွန်တော့်ကိုဖုန်းဆက်ပေးပါနော် အထွေး.."
ထွေး မျှော်လင့်ထားတဲ့ စကားမျိုး မဟုတ်ပဲ သူ့မိသားစု ပြဿနာ တစ်ခု အတွက် ထွေးကို စောင့်ကြည့်ပေးဖို့ တာဝန်ပေးလိုက်တာမို့ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်..။
"ငါ က ဘာဖြစ်လို့ လုပ်ရမှာလည်း.."
"ကူညီပါ အထွေးရယ်…ကျွန်တော်တို့ မိသားစုကို ဒီတိုင်းလေး ရှိစေချင်တယ်…ပြီးတော့ ကျွန်တော် ဆယ်တန်း အောင်ချင်တယ်…အထွေးသာ အဲလို မလုပ်ပေးရင် ကျုရှင်သွားမတက်တော့ဘူး.."
"အိုး..ဘယ်ဖြစ်မလဲ..စာမေးပွဲက.."
"အဲဒါကြောင့် ကူညီပါနော်…ဘွားထွေးက လိမ်မာပါတယ်…အဲဒါကြောင့် ချစ်ဖို့ကောင်းနေတာပါနော်…ဟုတ်တယ်မလား…နော်…နောလို့.."
ကလေး တစ်ယောက်လိုမျိုး ထွေးလက်ကို ဆုပ်ကိုင် လွဲရမ်း တောင်းဆိုပြတော့ ခပ်မြန်မြန် ခေါင်းညိတ်လိုက်မိသည်.။
"အေးပါ…အန်တီဝါ သိရင် ဘယ်လို ပြောရမလည်း.."
"မာမီ မသိပါဘူး…လူတစ်ယောက်လာမှ ပြောခိုင်းတာပါ…"
"သူများမိသားစု ကိစ္စ လည်း သိပ်စိတ်မ၀င်စားပါဘူး..နိုနို ရယ်….နင့် ကို ကြည့်ရတာ ပူလောင်နေတာပဲ…ကလေး နဲ့တောင် မလိုက်ဘူး..သံသယ များနေတယ် ထင်တယ်…ငါ ရောက်ကတည်းက နင် ပြောတဲ့ ဘယ်သူမှန်းမသိတဲ့ သူ တစ်ခါမှ ရောက်မလာပါဘူး…စာမေးပွဲ နီးပြီ စိတ်ကို တည်ငြိမ်အောင် ထားပါလား ဟင်…နင် ပင်ပန်းနေတယ် ထင်လို့ပါ…"
"ဟင်း….ကျွန်တော် အသားကျနေပါပြီ…ထားလိုက်ပါ…အထွေး ဒါလေး ပဲ ကူညီပါ.."
"အင်းလေ…လူတစ်ယောက်လာရင် ဖုန်းဆက်ရမယ်..ဒါပဲမလား.."
"ဟုတ်တယ်…ဒါ…ကျွန်တော့် သူငယ်ချင်းဖုန်းလေ…တခြားဖုန်းတွေ ၀င်နေမှာစိုးလို့ ဖုန်းကို ပိတ်ထား…လူတစ်ယောက် လာတော့မှ ဖွင့်ဆက်ပေါ့…"
"ဟူး…ဘာစစ်ဆင်ရေးလည်း မသိဘူး….ငါတော့ အဖမ်းမခံနိုင်ဘူးနော်…"
"ဟား..ဟား…ဘွားထွေးကလည်း အဘွားကြီး လိုပဲ ….ဘာပဲဖြစ်ဖြစ် ကျေးဇူး…"
"ဘယ်တော့ သွားရမှာလည်း.."
"မနက်လေ…စာမေးပွဲပြီးမှ ပြန်လာရမယ်…ကျွန်တော် စာမေးပွဲ ပြီးရင် အထွေး မပြန်ရသေးဘူးနော်…ရန်ကုန်မြို့ကို လိုက်ပြမယ်..သိလား…"
"ဟုတ်ပါပြီ…ဂုဏ်ထူးပါအောင်ကြိုးစား…အိမ်ရဲ့ ဘာမှန်းမသိ စောင့်ကြည့်တာဝန်တော့ ငါ သေချာ ဂရုစိုက်ပါ့မယ်…"
"အဲဒါတွေ ချစ်ဖို့ကောင်းတာပေါ့…ကျေးဇူး.."
ထွေးကို ဖက်ပြီး ကျေးဇူးပြောကာ စားပွဲပေါ်က စာအုပ်တွေကို ကောက်သိမ်းနေတာ ပုံမှန်အတိုင်းပါပဲ..။
ထွေးမှာသာ ရင်ထဲ တလှပ်လှပ်ဖြစ်ကာ မျက်နှာ ပူသလိုလို ရှိသည်..။
"စာအုပ်တွေလည်း သယ်ရဦးမယ်…ဒီအိတ်ရမလား အထွေး.."
ခုတင်အောက်က အိတ်ကြီး ဆွဲထုတ်ပြတော့ ထွေး ယောင်ပြီး ခေါင်းညိတ်ပြမိသည်..။
ဟူး…ကောင်းတယ်…ကျူရှင်မှာသွားနေတာပဲ ကောင်းပါတယ်လေ…။
.
"စိုးစိုး…အဲဒါ ဘယ်သူလည်း ဟင်.."
"ဦးတိုးကြီးလေ…"
"သြော်…"
နိုနို ပြောသလို ပါပဲ…သူ ကျူရှင်မှာ သွားနေတဲ့ နေ့မှာပဲ အန်တီဝါ၀ါ က ညနေ ငါးနာရီ အိမ်ကို စောရောက်သည်..။
အန်တီဝါ နဲ့ အတူ ဧည့်သည် ယောက်ျားတစ်ယောက် ပါလာပေမဲ့ သာမာန် ဧည့်သည်လိုပါပဲ..။
အရီးလေးရဲ့ ကျန်းမာရေး အခြေအနေ မေးနေတုန်း အန်တီဝါ၀ါက မီးဖိုခန်းထဲ ၀င်လာပြီး ထမင်းစားပွဲ ကိုယ်တိုင် ပြင်ဆင်ပေးသည်..။
ထွေးလည်း လိုအပ်တာ ကူလုပ်ပေးရင်း အန်တီဝါ၀ါ ထွက်သွားတော့မှ စိုးစိုးကို မေးရသည်..။
ဦးတိုး ဆိုတာတော့ သိပြီးသား နာမည် တစ်ခုပါပဲ..။
လူကတော့ ခုမှ မြင်ဖူးတာမို့ အကဲခတ်ကြည့်မိသည်..။
နာမည်ကြားတုန်းကတော့ လူကြမ်းလိုလို..။
နိုနို ကလည်း ဒီနာမည် ကြားရင် ပြဿနာရှာတက်တာမို့ ထွေးလည်း ဦးတိုး ဆိုရင် ကြောက်သလို ဖြစ်နေပြီ..။
အခုတော့လည်း သာမာန်လူရွယ် တစ်ယောက်လိုပါပဲ…။
အန်တီဝါ၀ါ ကိုတော့ မ၀ါ လို့ ခေါ်ပြီး အရီးလေး အကြောင်းတွေ မေးနေသည်..။
အ၀တ်အစားတွေကလည်း သပ်သပ်ရပ်ရပ် နဲ့ မျက်နှာကလည်း လူချောတစ်ယောက်လို့ ပြောလို့ရပါသည်..။
ဒါကြောင့်လည်း နိုနို အထင်လွဲပြီး သ၀န်တိုရန်ရှာနေမှာပါလေ..။
ဧည့်သည်က ထမင်းစားပြီး အိမ်ရှေ့ခန်းမှာ စကားထိုင်ပြောနေတာ ညကိုးနာရီ အထိပင်..။
အိမ်သားတွေ အတွက် မထူးဆန်းသလို ရှိပေမဲ့ ထွေးကတော့ မီးဖိုခန်းထဲမှာ ရှောင်နေမိသည်..။
နိုနို ကို ဖုန်းဆက်ဖို့လည်း မလိုလောက်ပါဘူး.။
ကလေး အတွေးနဲ့ သံသယ ဖြစ်နေတာဆိုတော့ အဖြစ်မှန်သေချာ သိမှပဲ ဖုန်းဆက်သင့်ရင် ဆက်ရမှာပေါ့လေ..။
ထွေး ပန်းကန်တွေ သိမ်းပြီး အခန်းထဲ ၀င်ကာ အိပ်မပျော်ပဲ လှဲနေမိသည်..။
ညကိုးနာရီကျော် ဧည့်သည်ပြန်သွားတော့မှ စိုးစိုး က ထွေး ကိုသတိရပြီး လာခေါ်တော့သည်..။
"နေမကောင်းဘူးလား..မမထွေး.."
"ကောင်းပါတယ်.."
"သိဘူး..ရုပ်ရှင် လာမကြည့်လို့လေ.."
"ဧည့်သည် ရှိလို့ပါ…"
"ဦးတိုး က ဧည့်သည်မဟုတ်ပါဘူး မမထွေးရဲ့…အိမ်ကို ခဏခဏလာလည်တယ်….ကိုကြီးမရှိရင်လာတော့မှာ ကြည့်နေ.."
စိုးစိုး က ဘာမှ မထူးဆန်းသလို ပြောပြီး အ၀တ်တွေ သိမ်းနေတော့ ထွေး မေးသင့်လား စဉ်းစားမိသည်..။
မိသားစု အကြောင်း ကို စိုးစိုးဆီက စုံစမ်းနေတာတော့ မကောင်းဘူးထင်တာနဲ့ ထွေး နှုတ်ဆိတ်၍ သာ နေလိုက်ပါသည်..။
.
"တိုးတိုးရေ…ထမင်းစားတော့မလား.."
"မစားသေးဘူး..မ၀ါ.."
"အိုကေ…"
ထွေး နားမလည် နိုင် ဖြစ်ရပေမဲ့ဒါလည်း သူတို့ ခင်မင်တဲ့ သူတွေကိုမြို့ကြီးပြကြီး ပုံစံ ပြောဆို နေတာလို့ တွေးမိသည်..။
ဒီနေ့ဆို ဧည့်သည်က နေ့တိုင်းဆက်တိုက်လာနေတာ သုံးရက်ပြည့်ပြီလေ..။
ထွေး သုံးရက်စလုံး အခန်းထဲမှာ ရှောင်နေပေမဲ့ ဒီနေ့တော့ အိမ်ရှေ့ခန်းမှာ စာပြနေတာနဲ့ တိုက်ဆိုင် သွားသည်..။
အန်တီဝါ က ပုံမှန်အတိုင်း မထူးဆန်းသလို ပြောလိုက်ပေမဲ့ ထွေး အတွက် ထူးဆန်းလွန်းပါသည်..။
ဧည့်သည်ဆိုတဲ့သူစိမ်းကို ပြောလိုက်တဲ့ စကားက နူးညံ့ညင်သာတဲ့ အနေအထားတက် ပိုနေသလိုလို ရှိသည်..။
"ပန်ပန် တို့ စားလိုက်တော့နော်..မာမီ…ဦးတိုး နဲ့ စားလိုက်မယ်…"
"ဟုတ်.."
ဟောတော့….သားသမီးတွေနဲ့တောင် ထမင်းမစားပဲ ဧည့်သည်ကို ဧည့်ခံစားတာကလည်း ဒီနေ့နဲ့ဆို သုံးရက်မြောက်ပြီလေ…။
ထွေး နားမလည် နိုင်ပေမဲ့ ပန်ပန် သုသု နဲ့ စိုးစိုး တို့က မီးဖိုခန်းကို တန်းစီ၍ ၀င်သွားတော့သည်..။
တစ်ယောက်တည်း နေခဲ့ဖို့ မကောင်းတာနဲ့ ထွေးလည်း မီးဖိုခန်းထဲ ရောက်လာရပြန်သည်..။
သူစိမ်းတစ်ယောက်လာလည်တာ ထွေး အတွက် အတော် အနေအစား ကျဉ်းကြပ်ပါသည်..။
"အဲ့ ဦးတိုးတော့ ပန်ပန် နဲ့ တွေ့ဦးမယ်.."
"ဘာဖြစ်လို့လည်း ကလေးရဲ့.."
ထွေး ဟင်းပန်းကန် ပြင်ပေးရင်း မေးလိုက်တော့ ပန်ပန် က စူပုတ်ပုတ် မျက်နှာလေး ဖြင့် ဇွန်းကို ချလိုက်သည်..။
"ပန်ပန် နဲ့တောင် စကားမပြောဘူး..မာမီ နဲ့ပဲ ပြောနေတာလေ…အရင်တုန်းကဆိုရင် ပန်ပန် ကို အမြဲချီပြီး.."
"ဟုတ်လား..ပန်ပန် က ကြီးသွားတော့ ချီလို့ မကောင်းလို့ နေမှာပေါ့…"
"အကြီးပါဘူး..ရှစ်တန်းပဲကိုး.."
"ဟုတ်ပါပြီ…အလုပ်ကိစ္စ ပြောနေလို့ နေမှာပါ…စိတ်မဆိုးပါနဲ့ …စား.."
ထွေး ထမင်းစားခန်းထဲက ထွက်ပြီး အိမ်ရှေ့ခန်း မထွက်တော့ပဲ အရီးလေး အခန်းထဲကို ၀င်ကာ လိုအပ်တာ လုပ်ပေးဖို့ စဉ်းစားမိသည်..။
အရီးလေး ကတော့ ပြတင်းပေါက်ကို ငေးရင်း တစ်ခါတစ်ခါ သက်ပြင်းချနေသည်..။
"အို…ပြောတာပဲ…နိုနို့ အကြောင်း သူ သိသားနဲ့.."
"…ဘယ်လိုလုပ်မှာလည်း…ဒီလိုပဲ နေမှာလား.."
"၀ါလည်း စိတ်ညစ်ပါတယ်…"
"မ၀ါက အမေကိုတောင် မကြောက်ပဲ သားကို ကြောက်နေရတာလား.."
"ကြောက်ရတယ်လေ…နိုနို့ စိတ်ကို သိသားပဲ…"
"အရမ်းရိုင်းတာကွာ…နှုတ်ခမ်းပေါက်သွားတာ တကယ် မကျေနပ်ဘူး သိလား…မောင့်မှာလည်း ယောက်ျားမာန ရှိတယ်…ချစ်လို့ မခွဲနိုင်လို့ အခုလို စော်ကားခံရတာ…"
"အဟွင်း…ဟုတ်ပါပြီ…အပြောတွေ နဲ့ပဲ ဟွန့်..."
"ဧည့်သည် တစ်ယောက်က ဘယ်သူလည်း.."
"သြော်…မေမေ တို့ ရွာကလေ…၀ါ့ တူမ ဆိုလည်း ဟုတ်တယ်..သူ ရှိလို့ တော်ပါသေး…တို့ ဆိုင်ကို ပစ်ထားတာ ကြာသွားတော့ မိတ်တောင် ပျက်ကုန်တယ်….ဟူး..ဒီကလေး ကလည်း ပြန်မယ် ပြောတယ်…လူလေး ဘာလေး ရှာပါဦး……"
"အင်း..ရှာကြည့်မယ်လေ…"
ထွေးမှာ မျက်လုံး အပြူးသားဖြင့် အရီးလေး ကို ငေးကြည့်နေတာ အသက်တောင် မရှုရဲ..။
အမလေး…ဒါ ဘာတွေ ဖြစ်နေကြတာလည်း..။
အမေ တစ်ယောက်လုံး နဲ့ အခန်းနံရံလေး ခြားတဲ့ နေရာမှာ အိမ်ထောင်ရှိ သမီးက သူစိမ်းယောက်ျားနဲ့ ပြောနေတဲ့ စကားတွေလား.။
ထွေးတို့လို လူငယ်တွေတောင် ဒီလို ရဲမယ် မထင်ပါဘူး..။
အရီးလေး ကို သနားလို့ ထွေး အခန်းတံခါး ကို ထ ပိတ်လိုက်ကာ ငြိမ်သက်နေမိသည်..။
သစ်သား နံရံလေးသာ ခြားနေတော့ အသံမလုံပဲ ပြောသမျှ အကုန်ကြားနေရသည်..။
ထွေးမှာ မျက်နှာပူသလို ရှက်သလို ဖြင့် အိမ်ကိုတောင် ပြန်ပြေးချင်လာသည်..။
နိုနို ဒေါသထွက်တဲ့ မျက်နာကို ပြန်မြင်ယောင်မိတော့ သူ့ကို အပြစ်တင်မိတာ နောင်တရသည်..။
အိုး..သူ့ခမျာ ဘယ်လောက်တောင် နာကျင်လိုက်မလည်း..။
"ဒါတွေ….ကျွန်တော်…လုပ်တာမှ မဟုတ်တာ….အဓိက တရားခံ ကမာမီပဲ…"
"အထွေး မသိတာတွေ အများကြီး"
"ကျွန်တော့် ပါးစပ်က ထုတ်မပြောချင်လို့ပါ အထွေးရယ်..သိလာပါလိမ့်မယ်…"
မျက်ရည်တွေနဲ့ သူပြောချိန်က စိတ်ထဲမှာ ဘယ်လို ခံစားရမလည်း တွေးမိရုံဖြင့် ထွေး မျက်ရည်ဝဲသွားသည်..။
မိသားစု ကို အရင်အတိုင်း ရှိစေချင်တဲ့ စိတ်နဲ့ သူစိတ်ထင်တဲ့အတိုင်းကြိုးစား ကာကွယ်ပေးနေတာပဲ..။
နိုနို မသိတာ…သူ တစ်ယောက်တည်း ကွဲထွက်နေတာကိုပဲလေ..။
တစ်မိသားစုလုံးက ဦးတိုးဆိုတဲ့ လူကို လက်ခံရင်းနှီးနေကြပြီ..။
"ဆယ်တန်းဆိုတော့ စာမေးပွဲလည်း ရှိလို့ပါ"တဲ့လေ..။
ဒီလို ဆိုရင် စာမေးပွဲပြီးတာနဲ့ အန်တီဝါ၀ါ က သူ့အစီအစဉ် အတိုင်း ဆက်လုပ်တော့မည် သဘော ရှိသည်..။
အဲဒီ အခါ နိုနို တစ်ယောက်ဘယ်လိုတွေ တုန့်ပြန်လာမလည်း မတွေးရဲစရာပင်..။
ထွေး ဖုန်းဆက်ဖို့ သတိရပေမဲ့ မဆက်ရက်ပါ..။
မတားဆီးနိုင်မဲ့ ကိစ္စ မှာ နိုနို ပြောသလို အဓိက လူက အန်တီဝါပဲလေ..။
သူ သိလို့ အိမ်ပြန်လာ ပြဿနာ ရှာလည်း အပြင်မှာ တွေ့လို့ရနေပါပဲ..။
အလုပ်ကိစ္စကြောင့် နောက်ကျတယ် ထင်ခဲ့ပေမဲ့ ဒီလူ အိမ်လိုက်လာကတည်း က ညနေလေးနာရီဆို အန်တီဝါ အိမ်ပြန်ရောက်ပြီလေ..။
ဒီလိုဆိုရင် အိမ်မှာ မတွေ့တောင် အပြင်တစ်နေရာမှာ သူတို့ တွေ့လို့ရနေတာပဲ..။
နိုနို့မှာတော့ သူတက်နိုင်သလောက် တားဆီးကာကွယ်နေတာ ကလေး တစ်ယောက်လိုပါပဲလား..။
အဖေ ဖြစ်လာမဲ့ သူကလည်း နိုနို ကို ပြဿနာတွေ ကြောင့် မကြည်မသာ ဖြစ်နေတာ သိသာသည်..။
ဒီကလေး သာ စိတ်ဒဏ်ရာနဲ့ ပေတေ သွားရင်တော့ သူ့ဘ၀လေး သွားပါပြီ..။
ထွေး စိတ်မောစွာဖြင့် သက်ပြင်းချလိုက်ပေမဲ့ အိမ်ရှေ့ခန်းက အန်တီဝါ၀ါ ရဲ့ ရယ်သံသဲ့သဲ့ ကြားနေရသည်..။
.
"မမထွေး…ဖုန်းလာတယ်…"
"ဟင်…ဘယ်သူလည်း.."
"မသိဘူး..ရွာကလို့ ပြောတယ်.."
ရွာကဆိုရင် မေမေ ကလွဲလို့ ထွေး ကို ဖုန်းဆက်မယ့်သူ မရှိပါဘူး..။
လက်ထဲက ချည်ပေါင်ရွက် ကို ချပြီး မီးဖိုခန်း ထဲက ထွက်လာကာ အိမ်ရှေ့ခန်းက တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်..။
"ဟလို.."
"အထွေးလား.."
"ဟင်.."
နိုနို့ အသံ ကြားတော့ ထွေး မျက်လုံး ပြူးသွားကာ ပန်ပန် နဲ့သုသုကိုတောင် စိတ်ထဲ လန့်နေရသည်..။
ပန်ပန် နဲ့ သုသု ကလည်း သူတို့ဦးတိုးကို အတော်ချစ်သည်လေ..။
ဦးတိုးဆိုတဲ့ သူစိမ်းကို သူတို့ အစ်ကို ရန်ကနေ ကာကွယ်ဖို့ဆိုရင် ဖုန်းဆက်ဖို့ အချိန်ဇယားက အစ ကူဆွဲပေးထားသည်..။
"ဟိုလူ လာတယ်မလား.."
"ဟမ်…အမ်း..ဟုတ်ပါတယ်.."
"ကျစ်…ဖုန်းဖွင့်လိုက်…ကျွန်တော် ဖုန်းဆက်မယ်…"
"သြော်….မဟုတ်ပါဘူးရှင်…ဟုတ်ကဲ့…မှားနေတာပါ…ဒါပဲနော်…"
ထွေး ဖုန်းချလိုက်တာနဲ့ ပန်ပန် က မုန့်ထုတ် ကိုင်ထားရင်း လှည့်ကြည့်ကာ
"ဘယ်သူလည်း မမထွေး.."
"ဟို ရွာကပါ.."
"တော်ပါသေးရဲ…ကိုကြီး ဖုန်းဆက်ပြီး ဦးတိုး အကြောင်းမေးရင် မလာဘူး ပြောနော်…"
"ဟင်..ဘာဖြစ်လို့လည်း ကလေးရဲ့.."
ထွေး ဘာမှ မသိသလို မေးလိုက်တော့ ပန်ပန် က ဦးတိုးဆိုတဲ့ သူ ၀ယ်ပေးထားတဲ့ မုန့်တွေကို ပါးစပ်ထဲ ပစ်ထည့်သေးသည်..။
"ကိုကြီး က ဦးတိုး ကို ရန်ရှာနေတာ…သနားပါတယ်…ကိုကြီး ဆယ်တန်းမြန်မြန်ပြီးလို့ နိုင်ငံခြား သွားရင်ကောင်းမယ်နော်.."
"ဟုတ်တယ်…ဦးတိုးသာ အိမ်မှာ လာနေရင် သားတို့လည်း ဆော့လို့ရတာပေါ့…ကစားကွင်းလည်း နေ့တိုင်းပို့ပေးမှာနော်.."
"အွင်း..ဟုတ်တယ်.."
သုသု နဲ့ ပန်ပန် က အတိုင်အဖောက်ညီစွာ ပြောနေတော့ ထွေး သက်ပြင်းချရင်း မီးဖိုခန်း ကို ၀င်ခဲ့လိုက်သည်..။
ဦးတိုးဘက်တော်သား စိုးစိုးကလည်း ဦးတိုး ကြိုက်တဲ့ ပန်းသီးတွေ အခွံနွှာပြီး အဆင်သင့်ပြင်နေပြီ..။
ညနေ လေးနာရီ သူလာရင် အိမ်ထောင်ဦးစီး တစ်ယောက် ပြန်လာသလို တစ်အိမ်လုံး ကြိုဆိုကြသည်..။
အခုတော့ နိုနို နဲ့ ထွေး က တစ်ဖက်…အရီးလေး က ဘယ်ဘက်မှ မလိုက်ပဲ ရွာကို သာ ထိုင်လွမ်းနေတော့သည်..။
"စိုးစိုး…"
"ရှင်.."
"ငါ ရေချိုးဦးမယ်…"
"ဟင်..မိုးချုပ်တော့မယ်နော်..မမထွေး.."
"အေး…ပူလို့…နင်ကလည်း..ပန်းသီး ဘယ်နှလုံးတောင် ခွာနေတာလည်း…အရီးလေး ကို ကြည့်ဦး…"
"ဟုတ်…"
ထွေး အမြင်ကပ်ကပ်ဖြင့် သတိပေးလိုက်ကာ အခန်းထဲ ၀င်ပြီး ရေချိုးခန်းထဲ တစ်ခါ ထပ်ဝင်ရပြန်သည်..။
သြော်…သူများအိမ်လာပြီး သူလျှိုလုပ်ပေးနေတာသာ သိရင် တစ်မိသားစုလုံး ထွေး ကို မောင်းချမှာ မြင်ယောင်ပါသေးသည်..။
ဖုန်းဖွင့်လိုက်ပြီး သူပြောထားတဲ့ နံပါတ်ကို ခေါ်လိုက်သည်..။
"ဟလို.."
"အဲကောင်..အခုရှိလား…အထွေး.."
အသံမှာ ဒေါသနဲ့ မခံချင်စိတ်ကြောင့် တုန်ယင်သလိုလို ရှိနေတော့ စိတ်မကောင်းဖြစ်ရသည်..။
"မရှိပါဘူး…နိုနို ရယ်..စိတ်အေးအေး ထားပါဦး…"
"ညအိပ်လား.."
"အို…မအိပ်ပါဘူး…ငါတို့ရှိနေတာပဲလေ…ဧည့်ခန်းမှာ ထိုင်တယ်..ထမင်းစားပြီး ရင်ပြန်သွားတယ်…ဒါပါပဲ.."
"မာမီ က မရတော့ဘူး..ရောဂါ ရင့်နေပြီ.."
"ကဲ..ကဲ…ဒီမှာ နားထောင်ပါဦး..နိုနိုလေး…ကလေး..အခု စာမေးပွဲက အရေးကြီးတယ်လေ…စာကိုပဲ ခေါင်းထဲ ထည့်ထားနော်…နောက်ရက်ကျရင် မေမေ လည်း လာမှာဆိုတော့ စိတ်ပူစရာမလိုတော့ပါဘူး.."
"ဟုတ်လား…မေမေလာမှာလား.."
"အင်း.."
'ကောင်းတယ်..ကောင်းတယ်…အဲဒါ ဆို မာမီလည်း မေ့သွားလိမ့်မယ်…"
အမေ ဖြစ်သူကို ရည်းစားနဲ့ ခွဲဖို့ ကြိုးစားနေတဲ့ သား တစ်ယောက်ရဲ့ အားထုတ်ကြံစည်မှုကို ထွေး မသက်သာ စွာပင် သက်ပြင်းခိုးချမိသည်..။
အန်တီဝါ ကို နားလည်ပြီး သူလက်ခံလိုက်ရင်လည်း ငြိမ်းချမ်းသွားမှာပါပဲ..။
နိုနို က အဖေချစ် ဖြစ်နေတာကြောင့် လက်ခံဖို့ ခက်ခဲနေတယ် ထင်ပါရဲ့လေ..။
"အထွေး…သူတို့.."
"နိုနို…သူတို့ က လူကြီးတွေလေကွာ…ပိုပြီး ဆင်ခြင်ပါတယ်…စိတ်မပူပါနဲ့…"
"ဒါပေမဲ့…အိမ်တော့ ခေါ်လာတာပဲလေ…အဲဒါ ဒက်ဒီ ကို စော်ကားတာပဲ…ဒက်ဒီ့ အိမ်…ဒက်ဒီဝယ်ထားတဲ့ ခုံ…ဒက်ဒီထိုင်တဲ့ ထမင်းစားပွဲ….ဒက်ဒီက သက်ရှိထင်ရှား ရှိသေးတာဗျ…ဒက်ဒီ တစ်နေ့ ပြန်လာမှာကို…မာမီက….…"
ကလေး တစ်ယောက်လို အဖေကို တိုင်တည်ရင်း ငိုသံတွေနဲ့ ပလုံးပထွေး ပြောတော့ ထွေးလည်း မျက်ရည်စို့ကာ စိတ်မကောင်းဖြစ်ရသည်..။
ဘာပြောရမှန်း မသိဖြစ်နေချိန် သူ့ဘက်က သက်ပြင်းရှိုက်သံနဲ့ တိတ်ဆိတ်သွားသည်..။
"တစ်ခါတလေ ဖြစ်ချင်ရာဖြစ်လွတ်ထားလိုက်ချင်တယ်.."
"အန်တီက နိုနို ကို ချစ်ပါတယ်…အဲဒါကြောင့်လည်း ကလေးကို ဂရုစိုက်နေတာပေါ့…"
"ဘွားထွေး က နှစ်သိမ့်ဖို့ ကြိုးစားနေတာလား…ဟာသပဲ…ဒါပေမဲ့ တစ်ပတ်လောက်ကြာရင် ဘွားထွေး နားလည် လာပါလိမ့်မယ်…သြော်..မေမေ လာမယ် ဆိုရင်တော့ ခဏတဖြုတ် ငြိမ်သွားမှာပါ….အထွေး ပြန်လိုက်မသွားနဲ့နော်…"
"အင်းပါ…စိတ်ညစ်စရာတွေ မတွေးနဲ့နော်..စိတ်ကို အတက်နိုင်ဆုံး စာထဲနစ်ထားနော်…တစ်နှစ်ဆိုတဲ့ အချိန် ရင်းနှီး လာပြီးပြီလေ…"
"အင်းပါ ဘွားထွေး ရယ်..ဒါပဲ…ဒါပဲ….သြော်..အကြောင်းထူးရင် ဖုန်းဆက်ပါ…"
"အင်း…စိတ်ချပါ…ငါလည်း အိမ်တွင်း သူလျှို ဖြစ်နေပြီထင်တယ်…"
"ဟား..ဟား…ဟုတ်တယ်လေ…ကျွန်တော်နဲ့ အထွေး က တစ်ဖွဲ့ပေါ့…"
သူ့ဆီက ရယ်သံလေး ကြားရတော့မှ ဖုန်းချဖို့ အဆင်ပြေသွားတော့သည်..။
ဖုန်းချလိုက်ပြီးမှ ထွေး သက်ပြင်း တစ်ချ ရှုရှိုက်ရသည်..။
အခန်းထဲက ထွက်လာတော့ စိုးစိုး က အိမ်ရှေ့စားပွဲမှာ ပန်းသီးပန်းကန် နဲ့ ရေခဲရည် ချထားပြီးပြီ..။
ပန်ပန် နဲ့ သုသု က ကစားကွင်း သွားရမယ်ဆိုလို့ နာရီ တကြည့်ကြည့် ဖြစ်နေကြသည်.။
နိုနို ရယ်…နင် ဘော်ဒါဆောင် အခန်းထဲက အပြင်မထွက်ဖို့ ဆုတောင်းပါတယ်..။
မိသားစုလိုက် ရုပ်ရှင်သွားကြည့်ကြတာကိုသာ မတော်တဆ သူ တွေ့သွားရင် ဘာတွေ ဖြစ်လာမလည်း ထွေး မတွေးရဲတော့ပါ..။
အန်တီဝါ၀ါ ရဲ့လုပ်ရပ်က နိုနို့ကိုယ်စားခံစားရင်တော့ သစ္စာဖောက်ခံရသလိုပါပဲ..။
ထွေး စိတ်ရှုပ်ထွေးစွာဖြင့် အရီးလေး အခန်းဆီကို ရောက်လာခဲ့သည်..။
နိုနို ရယ်..နင်တော့ ဘယ်လို ခံစားရလည်း မသိဘူး…ငါတော့ ခဏလေး တွေးတာတောင် မောသလိုလိုပဲ..။04-01-19-06-06
☆…☆…☆…☆…☆…☆…☆…☆…☆…☆…☆
Uni zawgyi
အရင်ထက်ပိုပြီး စာအရေးအသား ညံ့ သွားတာ ခွင့်လွှတ်ပါ
အရေးအသား အဆင်မပြေ စာလုံးပေါင်း မမှန်ရင် ခွင့်လွှတ်ပါနော်။
အခုလို ခပ်ညံ့ညံ့ အရေးအသားကို အချိန်ပေး ဖတ်ပေးခဲ့တာ ကျေးဇူးအထူးတင်ပါတယ်
Love U All ❤
#စပိုက်ကာ 🌹
أنت تقرأ
ခွင့်ပြုပါ (Zawgyi)
عاطفية" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော" "အရာရာတိုင်း ကွဲပြားခြားနားနေတယ်...ငါ့ဘဝကို နားမလည်နိုင်တဲ့ ယောက်ျားမျိုးနဲ့ လက်မတွဲချင်ဘူး...အစိုးရ၀န်ထမ်း တစ်ယောက် ၊ ကျော...