သဘာဝအလင်းမရှိသော ညဟာ တိတ်ဆိတ်မှောင်မိုက်နေဆဲ။ လေတိုးသံ တစ်စုံတရာကိုလည်းမကြားရ။ လေဟာလည်း ငြိမ်သက်နေပြန်သည်။
သို့သော်လည်း အအေးဓာတ်ကတည်ရှိနေ၏။ ဆောင်းဦးကာလဖြစ်ရာ မကြာသော ကာလအတွင်း အအေးကဲလာတော့မည်ဆိုတာ သိနေပြီးသား အချက်တစ်ချက်။
အချို့သော ဘာဝတရားက ကြိုတင် ခန့်မှန်း၍ ရသည်။
ဥပမာပြောရလျှင် နေဝင်သွားပါက ညရောက်မည်ဆိုတာမျိုး။ ဆောင်းဦးကာလကုန်ရင် ဆောင်းရာသီရောက်မည်ဆိုတာမျိုး။
ဖြစ်ကို ဖြစ်မှာမဟုတ်လား။
နေထွက်ချိန်မှာ အအေးဓာတ်ကို သတိမထားမိနိုင်လောက်ပါ။ နေဝင်သွားပြီး ကြယ်ထွက်လာလျှင်တော့ အေးစက်မှုက စတင်လာလေပြီ။ လေငြိမ်နေ၍ အအေးဓာတ်က သိပ်မကဲဟု ထင်ရကောင်း ထင်ရမည်။
သို့ပေမယ့် ချမ်းစိမ့်စိမ့် ဖြစ်နေခြင်းကိုတော့ ငြင်းဆို၍ မရ။ ရှောင်းကျန့် ခန္ဓာကိုယ် တစ်ခုလုံးကို အအေးဓာတ်က လွှမ်းခြုံထားသည်။
အနီရောင် အကွက်စိပ် Shirt အင်္ကျီလေးဟာ လုံလောက်သော နွေးထွေးမှုကိုမပေး။ ပြတင်းပေါက်ကို ဖွင့်ထား၍လားတော့မသိ။ အေးသလို ထင်ရ၏။
ခြေအိတ်မစွပ်ထားသော ခြေဖဝါးများက အေးစက်စက်။ လက်များကတော့ လှုပ်ရှားနေ၍ သာမန်အပူချိန်အတိုင်း။
ဗိုက်ကဆာနေသောကြောင့် ပိုပြီးအေးနေသလို ခံစားနေရ၏။ ခန္ဓာကိုယ် အတွင်းပိုင်းထဲထိ ဖောက်ဝင်နေသကဲ့သို့။
ထပ်ခိုးခန်းအတွင်း ရှောင်းကျန့်လေး တစ်ယောက်တည်းသာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ပန်းချီဆွဲနေလေသည်။
အစိမ်းရောင် ခပ်ရှည်ရှည် မြက်ပင်များကြား ကောင်လေးတစ်ယောက် မတ်တတ်ရပ်နေသည့် ပန်းချီ။ မှော်ဆရာ ဦးထုပ်က ခရမ်းရောင်ရင်ရင့်ဆိုတော့ မြက်ပင်ရှည်များကြားမှ ကောင်လေး၏ ဝက်ဝံရုပ်လေးများပါသော အင်္ကျီနှင့်ဆို မလိုက်မဖက်။

YOU ARE READING
Truly Madly [ Wang Yibo × Xiao Zhan ]
Fanfictionအကယ်၍ မင်းသာ Hallowind မြို့မှာနေမယ်ဆိုရင် စည်းကမ်းချက်လေးတွေ လိုက်နာဖို့လိုပါတယ်။ • ဖရုံသီးမီးပုံးကို မဝယ်ပဲ မနေရ။ • တွေ့ကရ ကြောင်ကို အိမ်ခေါ်မသွားရ။ • ည 12နာရီကျော်ရင် အပြင်မထွက်ရ ဆိုတာ စည်းကမ်းချက်တွေထဲက အချို့ပါပဲ။ ...