Zawgyi
အလင်းရောင် ကောင်းစွာမြင်တွေ့နိုင်သေးသော ညနေခင်းတစ်ခု၌ ဖြစ်သည်။ ခေါင်းစွပ် ဝတ်ရုံရှည်နှင့် လူတစ်ယောက်သည် တောအုပ်၏အလယ် ဗဟိုဟုထင်မှတ်ရသော သစ်ပင်များဝန်းရံနေသော အလယ်၌ရပ်နေသည်။
" ဒီနေ့တော့ ကျိန်းသေ ရအောင်လုပ်ပြမယ် "
ထိုလူသည် လွယ်အိတ်ထဲမှ ကျောက်တုံးနှင့်ဆင်တူသော အပိုင်းအစတစ်ခုအားထုတ်ယူကာ မြေပြင်၌ စက်ဝိုင်းအချို့အား အလျင်အမြန်ရေးဆွဲလိုက်သည်။
စက်ဝိုင်းအတွင်း ရှုပ်ထွေးသော သင်္ကေတများအား ရေးခြစ်ပြီးသည်နှင့် မတ်တပ်ရပ်ကာ မြေပြင်အားငုံ့ကြည့်လိုက်သည်။ ညာဘက်လက်ရှိ လက်အိတ်အားဆွဲချွတ်ကာ လက်ညိုးထိပ်အား ဖိကိုက်လိုက်သည်။
သွေးစများစို့တက်လာသော လက်ထိပ်အား မြေပြင်ပေါ်၌ရေးခြစ်ထားသော စက်ဝိုင်းဗဟိုပေါ်တင်ကာ နှုတ်မှတစ်စုံတစ်ခုအား ရေးရွတ်လျက် လက်ဖြင့်သင်္ကေတတစ်ခုအား လေထဲ၌ရေးဆွဲလိုက်သည်။
လုပ်ငန်းဆောင်တာများပြီးစီးသွားသည်နှင့် ထိုလူမှာ တောအုပ်ထဲမှထွက်ခွာ သွားလေသည်။ ကောင်းကင်ထက်ရှိ နေမင်းကြီးသည် ပုဇွန်ဆီရောင်သန်းရာမှ တစတစမှေးမှိန်ကာ တိမ်တိုက်များကြား၌ ပျောက်ကွယ်သွားတော့သည်။
မဟူရာရောင် ပြောင်းလဲလာသော ကောင်းကင်ကြီးပေါ်ရှိ လခြမ်းကွေးလေး၏အလင်းရောင်အောက်၌ တောအုပ်ကြီး၏ပုံစံအား ဝိုးတဝါးသာတွေ့မြင်နိုင်သည်။ ညချမ်းအခါတိုက်ခတ်နေသော လေစိမ်းများကြောင့် သစ်ပင်အကိုင်းအခတ်များ အချင်းချင်း ပွတ်တိုက်မိကာ တချောက်ချောက်နှင့် မြည်နေသည်။
သစ်ပင်ခြေရင်းများ၌ ပေါက်ရောက်နေသော ချုံပုတ်ငယ်များမှာ သတ္တဝါတစ်ကောင်၏ဖြတ်ပြေးခံရမှုကြောင့် သစ်ပင်ကြီးများထက်ပင် ပိုမိုလှုပ်ယမ်းသွားရသည်။ လျင်မြန်ဖြတ်လတ်သော အရှိန်ကြောင့်၎င်းသတ္တဝါ၏ အရိပ်ကိုပင်သေချာမြင်နိုင်ရန် ခဲယဉ်းလှသည်။
မြေပြင်ပေါ်ရှိ ချုံပုတ်များကြား တိုးဝှေ့ကာလျင်မြန်သော အရှိန်ဖြင့်ပြေးလွှားနေသော သတ္တဝါမှာ တောအုပ်အလယ်သို့ တမုတ်ဟုတ်ချင်းရောက်ရှိသွားလေသည်။
YOU ARE READING
ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]
Fanfiction𝕿𝖍𝖊 𝖆𝖈𝖙 𝖔𝖋 𝖑𝖔𝖛𝖎𝖓𝖌 𝖙𝖍𝖊 𝖔𝖓𝖊 𝖜𝖍𝖔 𝖑𝖔𝖛𝖊𝖘 𝖞𝖔𝖚; 𝖆 𝖑𝖔𝖛𝖊 𝖗𝖊𝖙𝖚𝖗𝖓𝖊𝖉 𝖎𝖓 𝖋𝖚𝖑𝖑 Start date-24th September 2020 End date- 24th June 2021 #⓸JunXing Fanfic #Amaryllis_Lian