MOP 23

384 50 0
                                    

2012

ချစ်လွန်းလျှံ သည် ရှိန်းကိုကို တွေ့ စကလို ကလေးငယ် မဟုတ်တော့။ အချိန်ကာလအားဖြင့်လည်း ၂ နှစ်လွန်ပြီဖြစ်သည်။

ဒီ ရက်ပိုင်းတွင်း ချစ်လွန်းလျှံ သည် အိမ်တွင် သိပ်မကပ်။ ရှိန်းကိုကို သည်လည်း အလုပ်တစ်ဖက်နှင့်မို့ ဒီကိစ္စနှင့် ပတ်သက်ပြီး မ‌ပြောဖြစ်။ ‌နှစ်ယောက်သား ဆုံတွေ့ ချိန် က ထမင်းစားသည့် အချိန် တခဏသာ။

အိပ်ခန်းထဲတွင် စာကြည့်ခုံလုပ်ပေးသည်မို့ ချစ်လွန်းလျှံ က ထိုနေရာတွင် စာလုပ်ပြီး၊ ရှိန်းကိုကို ကမူ ဧည့်ခန်းထဲတွင် စာလေ့လာရသည်။ ညဆိုလည်း ချစ်လွန်းလျှံ က စောစော အိပ်သည်။ တစ်နေကုန်နေမှ စကားဆယ်ခွန်း မ‌ပြောဖြစ်။

" ကိုကို ဒီနေ့  သားအိမ်ပြန်နောက်ကျရင်လဲ ထမင်းစားနှင့်နော် "

ကျောင်းမသွားခင် အော်‌ပြောသွားသေးသည်။ ထူးတော့ ထူးဆန်းနေပြီ။ ကလေးဖြစ်၍ အပေါင်းသင်းမှားမှာလည်း စိုးရိမ်သည်။ ရှိန်းကိုကို ကို ဖုံးကွယ်ထား‌တာ တစ်ခုခုတော့ ရှိနေပါပြီ။

ဧကန္တ... ရည်းစားများထားနေပြီလား

ဟု တွေးမိသော်လည်း ချစ်လွန်းလျှံသည် မိန်းကလေးနှင့် တွေ့ လျှင် အင်မတန်ရှက်တတ်သည်။ မျက်နှာတောင် တည့်တည့်မကြည့်ရဲ။  ဘယ်လိုဖြစ်ဖြစ် ဒီညနေ မေးဖြစ်အောင် မေးရမည်။

ညနေ ထမင်းဝိုင်းတွင် ချစ်လွန်းလျှံ က ခပ်သုတ်သုတ် စားသည်။

" ဖြေးဖြေးစားပါ လျှံလေးရာ နင်နေဦးမယ် "

" သား အိမ်စာရှိလို့ "

ရှိန်းကိုကို သည် အချိန်ကောင်းကို စောင့်နေသည်။ ဘယ်ကနေ စမေးရပါ့မလဲ စဉ်းစားနေစဉ် ရှေ့ က လူက ပန်းကန်တောင် ဆေးနေပြီ။ ရှိန်းကိုကို လည်း ဗိုက်ပြည့်၊ မပြည့်တော့ မသိ။ အမြန်ထပြီး ဘေစင်နားသွားလိုက်သည်။

ချစ်လွန်းလျှံက ပန်းကန်ကို ကြောင်အိမ်ထဲ ထားမည်ပြင်တော့ သူ လှမ်းဆွဲလိုက်ကာ -

" ပန်းကန်ကူဆေးပေးဦး "

" . . . . ."

ဒီလောက် ပန်းကန်နည်းနည်းလေးကို ကူဆေးခိုင်းသည် ဆိုတော့ ထူးဆန်း‌သလိုဖြစ်မည်မှန်သော်လည်း ချစ်လွန်းလျှံက စောဒက မတက်ပဲ ဆေးပေးသည်။ မီးဖိုချောင်၏ ပြတင်းငယ်ဘေးရှိ ဘေစင် တွင် နှစ်ယောက်သား တိတ်ဆိတ်စွာ ပန်းကန်ဆေးကြသည်။

MY OWN PLANET (Z+U) [Completed]Where stories live. Discover now