နွမ်းခါးငယ်ငယ်က အမေဖြစ်သူသည် မြန်မာပြည်ကို ပြန်ရောက်ကာစမို့ သူငယ်ချင်းမရှိမှာ စိုးရိမ်သည်။ ဘေးအိမ်က ကောင်လေးနဲ့ သူငယ်ချင်းလုပ်ရန် မိတ်ဆက်ပေးသည်။
ဘေးအိမ်က ကောင်လေးက နွမ်းခါးနှင့်လည်း အသက်မတိမ်းမယိမ်းမို့ အဖော်အသစ်ရသည်ကို နွမ်းခါးပျော်နေခဲ့သည်။ မိုးလင်းမှ မိုးချုပ်အထိ ထိုကောင်လေးနှင့်အတူ ရှိနေခဲ့ကြသည်။ နွမ်းခါး ထိုကောင်လေးကို ခင်တွယ်သည်။ မုန့်ဆိုလျှင် အမြဲ ထိုကောင်လေး အတွက်ပါ မှာတတ်သည်။
နွမ်းခါးကိုလည်း ကောင်လေးက ခင်တွယ်သည်။ နှစ်ယောက်သား ကစားဖော် ကစားဖက်ဖြစ်ခဲ့ကြရာမှ တစ်နေ့တွင် ကောင်လေး၏ မွေးနေ့၌ နွမ်းခါးက အမေရိကားက ဖေဖေ လှမ်းပို့ပေးလိုက်သည့် ကစားစရာ ကားအရုပ်အသစ်ကို မိမိအတွက် မလိုချင်ပဲ ကောင်လေးကိုသာ ပေးချင်ခဲ့သည်။ နွမ်းခါးက ခင်တွယ်ပြီဆိုလျှင် အရာအားလုံးပေးကာ ပေါင်းတတ်သည့် အကျင့်ရှိသည်။
သို့သော် နွမ်းခါး၏ နိုင်ငံခြားပြန် လက်ဆောင် အရုပ်ကားလေးသည် ထိုကောင်လေးကို သူ၏မိဘများက ပေးသော ခွေးစုတ်ဖွားလေးလောက် အရာမ၀င်ခဲ့ပါချေ။ ကောင်လေးက မနက်ဆို ခွေးလေးနှင့် နွမ်းခါးဆီ လာသည်။ နွမ်းခါးနှင့် ကစားသည်ထက် ခွေးနှင့်အတူ ကစားဖို့သာ နွမ်းခါးကို ဆွယ်လေ့ရှိသည်။ နွမ်းခါးကျွေးသည့် မုန့်များကို ခွေးလေးကို ပြန်ကျွေးလေ့ရှိသည်။ ကြာလာသည့်အခါ ကောင်လေးက နွမ်းခါးနှင့်အတူ ရှိရမှာထက် ခွေးလေးနဲ့သာ အနေများလာသည်။ အမြဲတယုတယနှင့် ခွေးလေးကို ရင်ထဲထည့်ကာ ချော့မြူနေသော ထိုကောင်လေးကို နွမ်းခါး စိတ်ဆိုးမိသည်။
နွမ်းခါးက တစ်ဦးတည်းသောသား ဖြစ်သည့်အပြင် လိုလေသေး မရှိ နေခဲ့ရသည်ဖြစ်၍ မနာလိုဖြစ်ရခြင်း ခံစားချက်ကို မနှစ်မြို့ပေ။
တစ်နေ့ ခွေးလေးက နွမ်းခါး၏ ခြံ၀န်းထဲသို့ သခင် မပါပဲ ရောက်လာသည်။ နွမ်းခါးသည် ထိုခွေးလေးကို သူငယ်ချင်းလုဖက်ဟု သဘောထားတာကြောင့် စိတ်တိုစွာ ခဲနှင့်ပေါက်မိသည်။ ဒါကို ဘေးအိမ်က ကောင်လေးက သူ့ခွေး လာရှာချိန်နှင့်တိုးသွားတာကြောင့် နွမ်းခါးကို စိတ်ဆိုးသွားသည်။ အစထဲက အိမ်လာလည်တာ ကျဲသွားသည့် ကောင်လေးက ထိုအခြင်းအရာပြီးနောက် နွမ်းခါးအိမ်ဘက် ခြေဦးမလှည့်တော့ပေ။ သူ့ခွေးလေးနှင့်သာ ဆော့ကစားခြင်းပြုလေသည်။ နွမ်းခါးသည် ထိုကောင်လေးကို အိမ်အပေါ်ထပ်မှ ငေးကာ စိတ်မကောင်းဖြစ်စွာဖြင့် အမြဲငိုရသည်။