Shutdown The Fear (Chapter - 3)
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~ကျွန်မရဲ့ ခေါက်ရိုးကျိုးနေတဲ့ ပျင်းခြောက်ခြောက်မနက်ခင်းတွေက မွှေးမွှေးနဲ့တွေ့ပြီးနောက်ပိုင်း ပိုလူသားဆန်လာတယ်။ နေ့တိုင်းမဟုတ်ပေမယ့် တစ်ပတ်မှာသုံးရက်လောက် မရှမ်းမရဲ့ ခေါက်ဆွဲဆိုင်မှာ မနက်စာအတူစားဖြစ်တဲ့ အဲ့ဒီကလေးငယ်ကို ကိုယ့်ညီမလေးတစ်ယောက်လို ကျွန်မသံယောဇဉ်ရှိလာတယ်။
ကျွန်မကအမြဲတမ်း အပေါ်ထပ်အင်္ကျီလက်ရှည်ကို ဖြစ်သလိုလိပ်တင်တတ်ပေမယ့် မွှေးမွှေးက ပြန်ဖြည်ချပြီး လက်နှစ်လုံးစာအပြားလေးအဖြစ် လက်တံတောင်အကွေးလောက်အထိ တစ်ဆင့်ချင်းစိတ်ရှည်လက်ရှည်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ခေါက်ပေးတတ်တယ်။
အဆင်ပြေသလိုကောက်ပတ်လာတဲ့ ကျွန်မလည်ပင်းကပုဝါစကိုလည်း သူ့စိတ်တိုင်းကျတစ်ပတ်ရစ်၊ နှစ်ပတ်ရစ် မျိုးစုံနဲ့ အရှေ့တည့်တည့်ဖြစ်စေ ဘေးတစောင်းဖြစ်စေ ဖဲကြိုးပုံစံပြန်ချည်ပေးတတ်တယ်။ သူလုပ်ပေးသမျှငြိမ်ခံနေလိုက်ရင် ကျွန်မပုံစံကအရင်ကထက် ကြည့်ရတာပိုအဆင်ပြေသွားတာတော့ ငြင်းလို့မရဘူး။ ပြီးရင်ပြောသေးတယ်...
"မမကလည်း အဝတ်အစားကို စမတ်ကျကျလှလှလေး ဝတ်စမ်းပါ" ဆိုပြီး...
ဒီလိုနဲ့ပဲ သူ့ရဲ့ဝါသနာနဲ့ စိတ်အားထက်သန်ရာကို ကျွန်မတို့အတူတူရှာတွေ့သွားတယ်။
"မမ သမီးလေ အဝတ်အစား လှလှလေးတွေလုပ်တတ်ချင်တယ်"
"လုပ်ချင်စိတ်ရှိရင် လုပ်တတ်သွားမှာပေါ့ သမီးရဲ့"
"ဒါပေမယ့် ... သမီးမှာ သင်တန်းတက်ဖို့ ပိုက်ဆံမှမရှိဘဲ။ ပြီးတော့ အမေကလည်းတက်ခိုင်းမှာမဟုတ်ဘူး"
သူ့မှာ ရည်မှန်းချက်လေး ခပ်ရေးရေးပေါ်လာပေမယ့် အကောင်အထည်ဖော်နိုင်မယ့်အင်အားမရှိဘူးဆိုပြီး သောကရောက်နေပြန်တယ်။ ချက်ချင်းပဲ ကျွန်မမှာ အတွေးတစ်ခုပေါ်လာတာနဲ့ အိတ်ထဲကနေ စာရွက်အလွတ်တစ်ရွက်နဲ့ ဘောပင်ကိုဆွဲထုတ်လိုက်တယ်။ စာရွက်ပေါ်မှာ လမ်းပြမြေပုံအကြမ်းတစ်ခု ကောက်ဆွဲလိုက်တယ်။
YOU ARE READING
Shutdown The Fear
Short Storyကိုယ်ဟာအားနွဲ့တဲ့မိန်းမသားမို့ ပြုသမျှနုရမယ်ဆိုတဲ့အတွေးကို ခေါင်းထဲကကန်ထုတ်ပစ်လိုက်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်တိုင်းကျဆင်ယင်တာကို ကြံဖန်အပြစ်ပြောချင်တဲ့သူတွေကိုလည်း ဉာဏ်မမှီဘူးလို့သတ်မှတ်လိုက်။ အနိုင်ကျင့်စော်ကားမှုတွေကို ငြိမ်ခံစရာမလိုဘဲ ပြန်...