"သူလာလို့ နိုးမလာသေးတာလဲ.."
မျက်ခုံးနှစ်ခုကို အလယ်မှာစုကျုံ့လို့ မေးလာတဲ့အမျိုးသားက တစ်ခုခုကို ဆုံးရှုံးလိုက်ရတော့မလိုပဲ..။
"သူသတိမလစ်သွားခင်မှာ တစ်ခုခု ထိခိုက်မှုရှိခဲ့သေးလား"
"ဗီဒီယိုမှတ်တမ်းအရဆို သူက ဒီတိုင်းထိုင်နေရင်းကပဲ လဲကျသွားခဲ့တာ။ ကလေးတွေနဲ့ ပုံဆွဲနေကြရင်းက ဖြစ်တာ.. ဘယ်လိုထိခိုက်မှုမျိုးမှ မရှိခဲ့ဘူး။"
ဆရာဝန်ရဲ့ အမေးကိုဖြေရင်း လက်ထဲက ဖုန်းကို ရှေ့တိုးပြမိတယ်။
ဖုန်းထဲကကောင်လေးက ဂမုန်းရွက်တွေလိုစိမ်းတဲ့ ဆွယ်တာကို အောက်က ရှပ်လက်ရှည်အဖြူလေးနဲ့တွဲဝတ်ထားတယ်။ အညိုရောင် ဘောင်းဘီရှည်နဲ့ ခြေတံရှည်ရှည်တွေကို သက်တောင့်သက်သာ ဆန့်ချထားပြီး အဲ့အပေါ်မှာမှ ဆေးရောင်စုံကဒ်တွေတင်ထားသေးတယ်။
ပတ်ပတ်လည်မှာ ကလေးသေးသေးလေးတွေက ယွစိထအောင်ပြေးတဲ့သူကပြေး..ဆေးရောင်တွေကို မျက်နှာမှာ သုတ်တဲ့သူကသုတ်နဲ့ စည်စည်ကားကား။ဆောင်းတွင်းနေရောင်မို့ ကြည်ကြည်စင်စင်ရှိပေမဲ့ နွေးတယ်ဆိုရုံလေး။ ကောင်းကင်ကြည်ကြည်ကိုနောက်ခံထားပြီး လှုပ်ရှားနေတဲ့ ဒီအသိုက်အဝန်းလေးကိုကြည့်ရတာ ပန်းတွေစုံအောင် ပွင့်နေတဲ့ ဥယျာဥ်သေးသေးလေးနဲ့တူတယ်။
နှူတ်ခမ်းအောက်ဘက်ထောင့်မှာ မှဲ့သေးသေးရှိတဲ့ ကောင်လေးက ကြည်ကြည်စင်စင်ရယ်မောလို့။
သူက ရှောင်းကျန့်ကို တအားသဘောကျတယ်။ ပြီးတော့ သိပ်ပြီး အားကျတယ်။ သူ့ဘဝမှာ စီးပွားရေးနဲ့သာ လုံးချာလိုက်နေခဲ့ရတာမို့ လူငယ်ဘဝဆိုတာမျိုးကို မခံစားခဲ့ဖူးဘူး။
လူတွေကြားမှာ နွေးနွေးထွေးထွေးပြုံးပျော်နေချင်ခဲ့ပေမဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ မိနစ်ဝက်ကြာအောင်တောင်မှ မျက်လုံးချင်းမဆုံခဲ့ဖူးဘူး။
အကျိုးပြုလုပ်ငန်းတွေမှာ မရေမတွက်နိုင်အောင် မတည်လှူဒါန်းခဲ့ဖူးပေမဲ့ သူလိုချင်တာ အခမ်းအနားနဲ့ပေးအပ်တဲ့ ကျေးဇူးတင်လွှာတွေမဟုတ်ခဲ့ဘူး။