ကျွန်တော့်ဘဝရဲ့ ကံကြမ္မာဆိုး

59 8 0
                                    

- Day 4 -

Zawgyi

Ring ~ Ring ~ Ring

" Hello သား "

" အင်း ဘာကိစ္စရှိလို့လဲ မား "

" သားဆီမားကဖုန်းဆက်တာ
ကိစ္စရှိမှဆက်ရမှာလား သားလေးကလည်း "

" အပိုတွေလေကုန်ခံမနေပါနဲ့မားရယ်
ပြောပါ အကြောင်းအရင်း "

" မား ပြန်ရောက်နေပြီသား
မနေ့ကပြန်ရောက်တာ "

သားသမီးအပေါ် ဘယ်လောက်ထိ ချစ်လဲ မချစ်လဲဆိုသည်မှာ ပေါ်လွင်နေလျက် ဆက်ဆံရေးမှာလည်း အမေနဲ့သားဆိုတဲ့ နာမ်စားဆိုသည့်အပြင် ဘာဆိုဘာမှမပိုနေပြန်ပါ ...
မနေ့ကပြန်ရောက်တဲ့မားက ဒီနေ့ ချက်ချင်း ဖုန်းဆက်သည်မှာ သူလိုအပ်တာတစ်ခုခုရှိကြောင်း
စိတ်ထဲကနေ မှန်းမိရသည် ။
လူမှန်းသိတတ်စတဲ့အရွယ်ထဲက အလုပ်အကြောင်းပြပြီး
နိုင်ငံခြားကို အပြီးထွက်သွားတဲ့မားက
အလည် ဆိုပြီး ပြန်လာရင်တောင် တစ်ခါမှ ဖုန်းမဆက်တာမို့ ဒီတစ်ခေါက်ဖုန်းဆက်တာ
အကြောင်းပြချက်တစ်ခုကို
အကြောင်းပြနိုင်ဖို့ သေချာသည် ။
ဘဝမှာ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ့်
မိဘတွေဆိုတာ မရှိပဲ ဒီအရွယ်ထိ ကြီးပြင်းခဲ့ရတာက
အသားကျနေပြီမို့ အခုမှလည်း တစ်မူထူးပြီး ဘာသံယောဇဉ်လက်ကျန်မှ ရှိမနေတော့ပါ ...
မိဘနဲ့သားသမီး မာနထားတာမကောင်းပေမယ့်
သားတစ်ယောက်လိုတောင် နေရာမပေးခဲ့တဲ့သူတွေကိုတော့
စိတ်ထဲကနေပြတ်သည်။
မတော်ချင်လို့ ဝေးဝေးမှာနေပေမယ့်
သွေးသားအရင်းဖြစ်တာကြောင့် မခေါ်ချင်လို့မရနေပါ။
သူတို့ပြတ်သည်ထက် ကိုယ်ကပိုပြတ်သားနေမိသည်။

" သားနဲ့မား တွေ့ချင်တယ် "

" ရတယ်လေ မားဘယ်မှာစောင့်မလဲ "

" သားဆီမားလာခဲ့မယ် အိမ်မှာပဲစောင့်နေနော် "

ဘာမှပြန်မဖြေတော့ပဲ ဖုန်းကိုချလိုက်မိသည် ။
ပြတ်ပြတ်သားသားရှိနေစေတတ်ဖို့ ဘဝကြီးက ကလေးဘဝထဲကသင်ကြားပေးခဲ့သလို
သွေးအေးအေးနဲ့ ဆုံးဖြတ်ချက်ချတတ်ဖို့ကိုလည်း
လောကကြီးဆီက သင်ခန်းစာရလိုက်သည် ။
စိတ်တွေလွတ်ထွက်ကုန်သမျှ ဖမ်းဆုပ်မရတဲ့အခါ
ခေါင်းတွေတစ်ခုလုံး မူးဝေကိုက်ခဲလာသည် ။
အတွေးတွေက ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေပေမယ့်
နာကြည်းချက်တွေကတော့ နှလုံးသားနက်နက်ထိ
မှတ်တမ်းတင်ရေးထိုးထားသလို စွဲထင်နေတော့သည် ။
ဘေစင်အောက်ကို ခေါင်းခံပြီး ရေလောင်းချလိုက်မိသည်။
အေးစက်စက်ရေတွေက ခေါင်းတစ်ခုလုံး ပူလောင်နေသည်ကို အနည်းငယ်ထိန်းချုပ်ပေးလိုက်နိုင်သလို သက်သာစေရသည် ။
စိတ်မွန်းကြပ်လာတိုင်း ထွက်ပေါက်တစ်ခုရစေဖို့
ဆောင်ထားတတ်တဲ့ ဗီဒိုထဲက ဆေးလိပ်ဗူးကိုသတိရသွားတော့
ခေါင်းကိုတောင်ခြောက်အောင်မသုတ်ပဲနဲ့
ဆေးလိပ်ဗူးနဲ့မီးခြစ်ကိုယူပြီး ဝရံတာထွက်ရပ်လိုက်မိသည် ။
ပျံသန်းနေတဲ့ ဌက်တွေကို မြင်တော့လည်း အားကျမိသလို တိုက်အောက်မှာ ပြေးဆော့နေတဲ့ကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ရွှင်မှုကိုလည်း မနာလိုမိသည် ။
ပျော်စရာဆိုရင်တောင် လွတ်လွတ်လပ်လပ်မပျော်ရွှင်ခဲ့ရတဲ့ဘဝမှာ
အိမ်မက်ထဲကကောင်လေးကြောင့် စိတ်ချလက်ချ ပျော်ရွှင်ခွင့်ရသည် ။ အားရပါးရ ရယ်မောခွင့်ရသည်။
မျက်လုံးထဲမှာ ထင်ပေါ်နေတဲ့
ရယ်မောနေတဲ့မျက်နှာလေးမှာ အနှောင်အဖွဲ့ကင်းနေပြီးတော့ အပြစ်ကင်းစင်စွာ ရိုးသားပွင့်လင်းခြင်းတွေ စီးဝင်နေသည် ။
ဆေးလိပ်ကို အားရပါးရ ရှိုက်သွင်းလိုက်မိတော့
စိတ်ထဲ လွတ်လပ်ပေါ့ပါးသွားသလို
အရာရာဟာလေဟာနယ်ထဲ လွင့်မြောနေမိသလို ...
တံခါးခေါက်သံကြားတဲ့အချိန်ထိ
ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေရင်း
စိတ်ကူးတွေထဲ စက္ကူ လေယာဉ်ပျံလေးလေထဲပစ်လွှတ်ရင်း ပျော်ရွှင်နေတဲ့ ထိုကလေးငယ်ရဲ့ မျက်နှာလေးသာ ပဲ့တင်ထပ်နေလျက် ... ။

ကြယ်ကလေးဝေးတဲ့အရပ်Where stories live. Discover now