အိမ်မက်လေးတစ်ခုကြောင့်အပြင်လောကမှာပါ မျက်ရည်ကျတတ်သလား ?

520 10 0
                                    

- Day 1 -

Zawgyi

ကတ္တရာ လမ်းလည်ကြီးမှာ
စံပယ်ပန်းတွေ ပြန့်ကျဲနေလျက်
ရောထွေးစွာဖြင့် နီကျင့်ကျင့်အရည်များလည်း မြင်မကောင်းအောင် ပေပွနေပြန်သည် ။

: ငါထင်တာ မဟုတ်ပါစေနဲ့ :

စိတ်ထဲက ကြိတ်ပြီးဆုတောင်းလိုက်ပေမယ့်
ဆုတောင်းကမပြည့်လိုက်ပါ ...
စံပယ်ပန်းကုံးတွ ပြန့်ကျဲနေတဲ့ကြားထဲမှာ သိမ်သိမ်မွေ့မွေ့ လဲလျောင်းနေတဲ့
ကောင်လေးတစ်ယောက်က သွေးတွေ အိုင်နေတဲ့ထဲမှာ ကူကယ်ရာမဲ့နေတော့တာ ...
အသက်လေးက အများကြီးငယ်လောက်ဦးမည့်အရွယ်မှာ
သူ့ဘဝသူရုန်းကန်နေရတဲ့သူမှန်းသိသာစေသည့်
အဝတ်အစားတွေကို ဝတ်ဆင်ထားသည် ။
ခပ်နွမ်းနွမ်း ဝါညစ်ညစ်အင်္ကျီလက်တိုလေးနဲ့
ကာတွန်းရုပ်ဘောင်းဘီလေး ဝတ်ထားတဲ့ကောင်လေးက
ခုချိန်မှာ အသက်နဲ့ ခန္ဓာ ကွဲနေသည်ထင်သည်။
လွယ်နေကျဖြစ်ပုံပေါ်တဲ့ ချည်သားဘေးလွယ်အိတ်အကွက်လေးက မြေမှုန့်တွေလူးလို့ သူနဲ့ခပ်လှမ်းလှမ်းမှာ ပုံလျက်သားရယ်
အသားအရောင်လေးက ဝါဝင်းနေလျက်
မျက်နှာလေးမှာ နှစ်လိုဖွယ်ရှိသည့်ပုံနှယ်။
ပါးကွက်ကျားလေးပေါ်မှာ သွေးစက်တို့က ပေပွနေလျက်
ပိုက်ဆံအကြွေအစုတ်လေးတွေကို လက်ကကျစ်နေအောင်ကိုင်ထားရင်းနဲ့ သနားစရာကောင်းလောက်အောင် လဲလျောင်းအိပ်စက်နေတော့တာ ...

" ကောင်လေး သနားပါတယ်
ငယ်ငယ်လေးရှိဦးမှာ "

" ငယ်တာပေါ့
ငယ်တာမှ ၁၉ ၂၀ လောက်ပဲရှိဦးမှာ "

" စံပယ်ပန်းရောင်းတာထင်တယ် သနားပါတယ် "

" ဘယ်လိုဖြစ်တာလဲ accident ပဲလား ? "

" တိုက်တဲ့ကားက ကားသမားက ထွက်ပြေးသွားတယ်တဲ့လေ "

" သူ့မိသားစုက ဘယ်လိုလုပ်မလဲ ? "

သိုလော သိုလော မေးခွန်းတွေက တစ်ယောက်တစ်ပေါက်ပြောနေကြလျက်ပင် နားနဲ့မဆံ့နိုင်အောင် သနားကြောင်းစာနာနားလည်သံတွေကိုကြားနေရသည်။

: ဘယ်လို ဖြစ်ရတာလဲ ! :

ဘယ်သူ့ကိုမှ ခေါင်းထဲ တကူးတကထည့်ပြီး
စဉ်းစားမပေးဖူးတဲ့သူက ခုမှတွေ့တဲ့သူကို
စိတ်ထဲကနေ အလိုလို သနားစိတ်တွေ သက်ရောက်နေမိတော့တာ ...
သူ့မှာမိသားစုရှိနေရင် စံပယ်ပန်းတွေရောင်းနေရတဲ့
သူ့မိသားစုလေးက ဘယ်လိုရှင်သန်မှာလဲ ...
မပြည့်စုံနေတဲ့ဘဝလေးဆို ဘယ်သူကသူ့အတွက်မျက်ရည်ကျခံပေးနေမှာလဲ
ဘယ်လိုရှေ့ဆက်ကြမှာလဲ
သူခုလို လူ့လောကကြီးထဲကနေ မနှုတ်ဆက်ပဲ ထွက်ခွာသွားရတာကိုရော
သူ့မိသားစုက သိကြပါ့မလား ...
အတွေးနယ်ထဲ မြောလွင့်နေသမျှဟာ
မင်းညဏ်အသံကြားမှ လွတ်မြောက်တော့သည် ။

ကြယ်ကလေးဝေးတဲ့အရပ်Where stories live. Discover now