ပြန်လာပါတော့ ကလေးငယ် [ Unicode ]

119 9 3
                                    

- Day 6 -

~ နှုတ်ဆက်လက်ပြခြင်းကို အသားမကျနိုင်သေးတဲ့ကိုယ့်ခမျာ

မင်းရှိမယ့်အရပ်ကို ရောက်ဖို့
ကြိုးစားချင်နေမိတာများ အကြိမ်ကြိမ်အခါခါ ... ~

ဒိုင်ယာရီစာအုပ်လေးထဲက အစမရှိ အဆုံးမရှိစာတိုလေးက လက်ရေးဝိုင်းလေးကြောင့်
ကြည့်ရတာ လှနေသလိုပင် ။
ကဗျာဆန်သည့်စာတိုပုံစံလေးက ကဗျာမဟုတ်ပဲ
ကိုယ်တိုင်ခံစားနေရသည့် ခံစားချက်အစစ်အမှန်ဆိုသည်ကို ကိုယ်တိုင်မှလွဲပြီး
မည်သူမှလည်း မသိနိုင်သည် ။
အပြစ်တွေကျူးလွန်ထားမိတဲ့ အပြစ်သားတစ်ယောက်ရဲ့စိတ်ဟာ
ယခုခံစားနေရသလို အမြဲ ကျဉ်းကျပ်နေတတ်တာမျိုးလားမသိပေမယ့် နောင်တလိုလို ကိုယ့်ဘာသာကိုယ် မကောင်းတဲ့လူလို့မြင်ယောင်နေမိသည်ကတော့ မကောင်းနိုင်ပါ ။
စိတ်တွေအကုန်လုံးက လူကဲ့သို့ပင်အကျဉ်းချခံထားရသလို ရုန်းထွက်လွတ်မြောက်ချင်ပေမယ့် ထွက်ပေါက်က
ဘယ်မှာရှိနေမှန်းကိုယ်တိုင်မသိရသည့်
အခြေအနေဖြစ်နေသည်ကလည်း
ကိုယ့်ကိုကိုယ် ခက်ခဲစေရသည်။
ကလေးဘဝတုန်းကတောင် ဒီလောက်မျက်စိဒေါက်ထောက်ပြီး
ဂရုစိုက်မခံရပေမယ့် ဒီလိုအချိန် ဒီလိုအရွယ်မှ
အိမ်မှာပဲ ခြေချုပ်ကျနေရသည့်အဖြစ်မျိုးပင် ။
အရင်ထဲက မလိုအပ်တဲ့အချိန်ဆို အပြင်ထွက်လေ့သိပ်မရှိတာမို့
အပြင်မထွက်ရသည်က အကြောင်းမဟုတ်ပေမယ့်
တစ်နေ့တာစားဖို့အတွက်ကိုတော့ ထွက်ဝယ်တတ်တဲ့အကျင့်ကြောင့် ရေခဲသေတ္တာထဲမှာလည်း
ရေခဲရေအပြင်ဘာမှ မရှိနေပါ ...
အချိန်တန် သူတို့လာပို့မယ့်ထမင်းကိုစောင့်စားရင်း
ဘယ်သူမှန်းမသိတဲ့သူနဲ့လက်ထက်ဖို့ရက်ကို စိတ်မပါလက်မပါဖြင့် စောင့်ဆိုင်းနေရသည် ။
ကိုယ့်စိတ်အတိုင်းဆို ထွက်ပြေးလိုက်ချင်သည်
ထိုမိန်းမနဲ့လက်ထပ်ဖို့နေနေသာသာ
ကိုယ့်ကိုရစ်ပတ်ထားတဲ့ကျေးဇူးတွေသာရှိမနေခဲ့ရင်
ခုချိန်လောက်ဆို ပျော်မယ့်တနေရာရာမှာ လွတ်မြောက်နေနိုင်သည် ။
မားကိုမုန်းသည် ... ဘေးနားမှာလိုအပ်တဲ့အချိန်တိုင်း
မားကဘယ်တုန်းကမှရှိမနေခဲ့တဲ့အပြင်
ပိုက်ဆံသာလှမ်းပို့ပြီး ဖြေရှင်းစေခဲ့သည်။
မားစိတ်ထဲမှာ အရာရာဟာ ငွေနဲ့ဖြေရှင်းလို့ရမယ်ထင်နေပေမယ့် တကယ်လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာကိုတော့
မားက ဘယ်တုန်းကမှ မဖြည့်စွမ်းပေးနိုင်ခဲ့ပါ ။
သားတစ်ယောက်မွေးထားပြီး
တာဝန်ယူမှုမဲ့စွာ ပစ်ထားခဲ့တဲ့ မားရဲ့သွေးတွေက
ကိုယ်ထဲမှာ စီးဆင်းနေပေမယ့် ကိုယ်တိုင်ကတော့
မားလို အသိညဏ်မမဲ့လွန်းသလို
မျက်နှာလွှဲခဲပစ်လည်း မလုပ်ပစ်ရင်နိုင်သည် ။
ထိုကလေးက ဘယ်လိုဘဝမျိုးမှာပဲရောက်နေရောက်နေ
ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့
ဘာဆိုဘာမှမသိတဲ့ အရိုးခံလေးပဲမဟုတ်လား ...
ဘဝနှစ်ခုရပ်တည်ရှင်သန်ဖို့အတွက်
နေ့စဉ်နဲ့အမျှ စံပယ်ပန်းကုံးလေးတွေ ကိုင်ရင်း
နေ့လည်နေပူပူရော ညအေးစိမ့်စိမ့်ဒဏ်ရော အံတုရင်း
ရှင်သန်နေထိုင်လာခဲ့တဲ့ ကောင်လေးပဲလေ
ပင်ပန်းဆင်းရဲတဲ့ လောကဓံကိုတောင်
အားတင်းရင်းနဲ့ လူးလိမ့်ရုန်းကန်ခဲ့လောက်ပေမယ့်
အပြုံးမပျက်အောင် ရင်ဆိုင်ခဲ့နိုင်လောက်သည်။
ငွေရှာဖို့ တနပ်စာ နပ်မှန်စေဖို့
ဝမ်းရေးဖြေရှင်းဖို့အတွက်ပဲ ခေါင်းထဲ
အချိန်ပြည့် ထည့်ထားနိုင်မည့် ကလေးငယ်က
ကျန်တာဘာဆိုဘာမှမသိတဲ့ အဖြူထည်ကောင်လေးတစ်ယောက်ပါ ။
အဖြူပိတ်စပေါ်ကို စွန်းထင်းလိုက်တဲ့ ခပ်ညစ်ညစ်အရောင်တွေကြောင့် စိတ်ဒဏ်ရာတွေနဲ့ တမလွန်ကို မကူးပြောင်းစေလိုသည် ။
ထွေးပွေ့ထားပေးချင်သည်။
ပျော်ရွှင်မှုရဲ့အရသာကို နက်နက်နဲနဲခံစားရစေလိုသည်။
ဘဝမှာ ချစ်ခြင်းမေတ္တာတွေကို ကိုယ်တိုင်တောင် မထိတွေ့ မခံစားဖူးပေမယ့် အဲ့ဒီ့ကလေးကိုတော့
ခံစားဖူးစေချင်သည်။
အပြစ်လုပ်ထားလို့ ခေါင်းခံလိုက်တဲ့ တာဝန်ယူချင်စိတ်တစ်ခုတည်းကြောင့်မဟုတ်ပဲ
မြတ်နိုးယုယစိတ်လေးက အရာရာကိုရှေ့ဆက်တိုးဖို့
လှုံ့ဆော်ပေးခဲ့သည် ။
အဓိကကတော့ ကျွန်တော် သူ့ကို ချစ်သည် ...

ကြယ်ကလေးဝေးတဲ့အရပ်Where stories live. Discover now