SS - 9

2.9K 328 84
                                    

အလွမ်းဆိုတာ လွမ်းရတဲ့သူကသာ ပင်ပန်းပြီး အလွမ်းခံရတဲ့သူကတော့ မသိပါဘူးတဲ့။
အချစ်ဆိုတာ အချစ်ခံရတာထက် ကုိယ်ကချစ်ရတာ ပုိအရသာ ရှိပါသတဲ့။
သတိရခြင်းဆိုတာ သတိရမိသူက ပိုလွမ်းပြီး
သတိရခံရတဲ့သူက ပိုချစ်တတ်သူပါတဲ့။
...............................................................................

"ဟဲ့ နင်တို့နှစ်ယောက်က ဘယ်နေ့ပြန်လာမှာလဲ"

တိမ်လွှာက ဖြီးလက်စ ဆံပင်ရှည်တွေကို လက်စသတ်လိုက် ဖြီးလိုက်ပြီး မေးခွန်းထုတ်လိုက်တော့ ဟိုဘက်က နှစ်ယောက်က ပြုံးစိစိ။ ထုံးစံအတိုင်း အသော်မျက်နှာက ပုိ၍ ပြောင်စပ်စပ်ဖြစ်နေလေသည်။
ညစာ စားပြီး အခန်းထဲ ပြန်ဝင်လာကာ ဘာလုပ်ရမှန်းမသိ၍ ဗီဒီယိုကောလ် ခေါ်ကာ
စကားမစမြည်ပြောရင်းမှ အမှတ်တမဲ့မေးလိုက်ခြင်းဖြစ်သည်။

"သုံးရက်လောက် ကြာဦးမယ် မမ ၊ ဒီမှာ လုပ်လက်စလေးတွေ မပြတ်သေးလို့"

ငယ်က စာအုပ်တစ်အုပ်ကို ငုံ့ဖတ်နေရင်းမှ တိမ်လွှာ့ကို စကားပြန်ပြောလိုက်လေသည်။ အသော်ကတော့ တီဗီမှ လာသည့် ဘောလုံးပွဲကုိ ကြည့်နေလားမသိ၊ ထိုနှစ်ယောက်စလုံး၏
အကြည့်တွေက တိမ်လွှာထံတွင်မရှိကြ။

"ဟဲ့ အသော် ၊ ငါ့မျက်နှာလေး ဘာလေးကြည့်ပါဦး၊ နင်ကလည်း ငါက စကားပြောစရာ အဖော်မရှိလို့ ပျင်းလို့ပါဆို"

"ပျင်းရင် ဒေါ်ကလျာနဲ့ စကားသွားပြောနေလေ နင်ကလည်း၊ ငါဒီမှာ ဘောပွဲကြည့်နေတာ မအားဘူး"

"ဩော် အေး အေး ၊ ကြည့်ကြည့် ဘောပွဲက အရေးကြီးတယ်၊ ဒါပဲဟာ ပြန်လာချင်တဲ့ အချိန်မှသာ ပြန်လာတော့"

"ဟုတ် မမ ၊ ကျန်းမားရေး ဂရုစိုက်နော်"

ဖုန်းချခါနီး လှမ်း၍ သတိပေးလိုက်သော မောင်ဖြစ်သူကို ပြန်လည်ပြုံးပြလိုက်ပြီး တိမ်လွှာက ဖုန်းကို ချက်ချင်းပင် ချပစ်လိုက်လေသည်။ ထို့နောက် ကုတင်ပေါ် ပစ်လှဲချလိုက်ရင်း ဘာကိုမကျေမနပ်ဖြစ်နေမှန်း မသိသည့် စိတ်ကြောင့် လေပူတချက်ကုိ ဟူးခနဲနေအောင် မှုတ်ထုတ်ပြီး အလိုမကျမှုကို ဖြေလျှော့လိုက်မိတော့သည်။ သို့သော် ရင်ထဲမှ တချို့သော ဝေဒနာတွေက ပျောက်မသွား။

MSFOMH Side Story(Completed) 💛Where stories live. Discover now