[Unicode]
နောက်တစ်နေ့နံနက်....
လမင်း အိပ်ယာနိုးလို့ ရေချိုးအဝတ်အစားလဲပြီးအောက်ထပ်ဆင်းလာတော့ မေမေကမရှိ။ဈေးသွားခြင်းဖြစ်သည်။
သူလဲ ခြံထဲဆင်းက တံမြက်စည်းလှည်းနေလိုက်တယ်။အပင်လေးတွေဝန်းရံထားတဲ့သူတို့အိမ်လေးက တကယ်ကိုသစ်ပင်ရိပ်ဖြင့်အေးမြလှသည်။
နွေရာသီတောင် ပူပြင်းတယ်လို့မခံစားရပေ။ထိုရာသီဥတုအချိန်ရောက်ရင် လမင်းက ခြံထဲကအပင်အောက်ရဲ့ ခုံတန်းလေးနဲ့စာပွဲမှာ စာအုပ်ဖတ်ခြင်း စာလုပ်ခြင်းဖြင့်သာယာစွာဖြတ်သန်းနေကျ။
ဒါကြောင့်လဲ ကျသမျှအမှိုက်တွေကိုမငြိုညင်ပါ။ခြံဝန်းအနှံ့ တံမြတ်စည်းလှည်းပြီးချိန်လောက်ရောက်တော့ မေမေဈေးကပြန်ရောက်လာသည်။
လမင်း မေမေ့ဈေးခြင်းတောင်းကိုဆွဲကူကာ အိမ်ထဲဝင်ခဲ့လိုက်တယ်။
မီးဖိုဆောင်ရောက်တော့ မေမေက ခြင်းထဲမှ ဝယ်လာတဲ့ပစ္စည်းတွေကိုထုတ်ကာ သူ့ကိုပြောလာတဲ့စကားကြောင့် အံ့ဩသွားရသည်။
“သား ဒီနေ့ မေမေဈေးသွားတော့လေ ဈေးထဲကလမ်းတွေအားလုံး ကွန်ကရစ်ခင်းထားတာတွေ့ရတယ် မနေ့ကတောင်ဘာမှပြင်ဆင်မှုမရှိသေးပဲနဲ့လေ ဒီမနက်မှရုတ်တရက်ကြီး ”
“ဗျာ..တကယ်ကြီးလားမေမေ ”
သူ မယုံနိင်စွာမေးလိုက်မိတယ်။တကယ်ပဲမနေ့ကမှလမ်းတွေကမြေပြင်အတိကြီးကို ။
“တကယ်ပေါ့သားရဲ့ ခုဆိုဈေးလမ်းလဲမိုးရွှာမှာမပူရတော့ဘူး အရင်လိုဗွက်ထစရာမရှိတော့ဘူးလေ”
“အစိုးရခင်းတာလားမေမေ”
သားဖြစ်သူရဲ့အမေးကြောင့် သူမရယ်လိုက်မိတယ်။
“သားရယ် အစိုးရကလုပ်တယ်ဆိုရင် ဒီလိုနေ့ချင်းညချင်းပြီးသွားပါ့မလား ဒါ ပုဂ္ဂလိက ကလုပ်တာပဲလို့မေမေထင်တယ်”
“ဒါဆိုဈေးခေါင်းက လုပ်တာဖြစ်မလားမေမေ”
သားရဲ့တွေးဆမှုက သိပ်ကိုဖြူစင်လွန်းတာကြောင့် သူမပြုံးမိပြန်သည်။