Episode 5

1.3K 163 63
                                    

▪THE WEAKNESS▪

(Zaw Gyi)

မျက်လုံးများကို လေးပင်စွာဖွင့်ကြည့်မိတော့ ဒုတိယအကြိမ်မြောက်မြင်တွေ့လိုက်ရသည့် မျက်နှာကြက်..။

ကျွတ်..ကျွတ်

ရုတ်တရက်ထထိုင်မည်ပြုတော့ အနည်းငယ်နာကျင်သွားသည့် ခေါင်းမှဒဏ်ရာကြောင့် ကျွတ်ခနဲ ညည်းညူမိသွား၏။

ဟိုလူ..။
ရှင်း လဲလျောင်းနေသည့်ကုတင်၏ ခြေရင်းဘက်ရှိ ဒရင်းဘတ်ဒ်ပေါ်၌ အိပ်ပျော်နေလေသည်။

လူရမ်းကားအုပ်စု၏လက်ထဲကနေ ရှင်း ဘယ်လိုလွတ်မြောက်လာသည်ဆိုသည့်အကြောင်းအရင်းကို မသေချာပေမယ့် မှန်းဆလိုက်မိပြီထင်ပါသည်။
လူအုပ်စုထဲရုန်းရင်းကန်ရင်း ခေါင်းမှဒဏ်ရာအရှိန်နှင့် သတိမမေ့မျောခင်အချိန်၌ သူမမြင်ကွင်းထဲ ရေးတေးတေးဝင်လာခဲ့သည့်ထိုလူ့မျက်နှာကို ပြန်မြင်ယောင်လာမိ၏။
သူကပဲ ရှင်းကို ကယ်ခဲ့သည်လား..။
နောက်ပိုင်းကိုတော့ ဘာတွေဆက်ဖြစ်ခဲ့သည်ဆိုတာ ရှင်း လုံးလုံးမသိတော့သလို ထိုအကြောင်းတွေကိုလည်း နောက်ထပ်သိချင်စိတ်မရှိတော့ပါ။

ထို့ကြောင့်စဉ်းစားခန်းရပ်ကာ အခန်းပတ်ပတ်လည်ကို ဝေ့ဝဲစူးစမ်းခြင်းပြုနေမိ၏။
ကုတင်၏တစ်ဖက်ခပ်လှမ်းလှမ်းရှိ စားပွဲပေါ်၌တင်ထားသော ရေဘူးနှင့်အတူ ဖန်ခွက်တစ်ခွက်ကိုပါ အဆင်သင့်တွေ့လိုက်ရတော့ ခြောက်ကပ်ခြင်းအတိရှိနေခဲ့သော ကိုယ့်နှုတ်ခမ်းပါးများကို လက်ဖြင့် ကယောင်ကတမ်းစမ်းလိုက်မိသည်..။

ရေဆာလိုက်တာ..။

ရေယူသောက်ရန် အိမ်ရှင်ဖြစ်သူအားခွင့်တောင်းဖို့ရာ အားကိုးတကြီးလှည့်ကြည့်မိတော့ ထိုလူကြီးက အိပ်ပျော်နေဆဲ..။
ဒီတော့ သူနိုးလာမှပြောပြလိုက်မည်ဟုတွေးကာ လောလောဆယ်တော့ ကိုယ့်ဟာကိုယ်ထသောက်ဖို့ ပြင်မိ၏။

လူက နုံးခွေလျက် အားမရှိသည့်အချိန်မို့လားမသိ..။
ခုတင်ပေါ်က မတ်တပ်ရပ်ဖို့တောင် အတော်ကြိုးစားယူရ၏။

" အ! "

အားယူပြီးအထ၌ အခန့်မသင့်စွာ ခြေထောက်တစ်ဖက်ခွင်သွားပြီး ကြမ်းပြင်ပေါ်သို့ ထိုင်လျက်လဲကျသွားတော့ နာကျင်မှုနှင့်အတူ အသံသဲ့သဲ့ထွက်သွားမိ၏။

The WeaknessWhere stories live. Discover now