" နေကောင်းလား "
" ကောင်းပါတယ် "
လူကတော့ ကောင်းတယ်။ ရင်ထဲမှာတော့ မကောင်းဘူး။ တစ်မိုးအောက်မှာနေပြီး တစ်ကုတင်တည်းမှာ အတူတူ အိပ်ခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ မနက်ခင်း နှုတ်ဆက်စကားက ဝတ်ကျေတန်းကျေ ဆန်လွန်းနေတယ်။
ရွှီခွင်းက ကြက်ဥ အနှစ်တွေကို ဖယ်ပြီး ရိပေါ် ပန်းကန်ပြားထဲ လာထည့်ပေးတယ်။ ရိပေါ်ကတော့ စားချင်စိတ်မရှိဘူး။ ကိုယ်တိုင်ကြော်ထားပြီး ပုံပျက်ပန်းပျက် ဖြစ်သွားလို့ပဲလား၊ ရွှီခွင်း လာထည့်ပေးလို့ပဲလား မပြောတတ်ပေမယ့် ဒီကြက်ဥ half-fried ကို သူလုံးဝ မစားချင်တော့တာ သေချာတယ်။
" ရတယ်။ မင်းပဲ စားလိုက်။ ငါ စားချင်စိတ် မရှိဘူး "
ရိပေါ်က ကြက်ဥ half-fried ကို ရွှီခွင်း ပန်းကန်ထဲ ပြန်ထည့်ပေးပြီး wholemeal ပေါင်မုန့်တွေကို တစ်ချပ်ချင်း လှီးနေတယ်။
" မင်းရော စားဦးမလား။ ဘယ်နှချပ် လှီးပေးရမလဲ "
" ရတယ်။ ငါ ဒီ ပေါင်မုန့်ကင်နဲ့ ကြက်ဥကြော်တွေပဲ စားလိုက်တော့မယ် "
ရိပေါ်က မနက်စာကို ဖွယ်ဖွယ်ရာရာလေးတွေ ပြင်ပြီး စားတတ်တယ်။ ရွှီခွင်းကတော့ ကော်ဖီတစ်ခွက် ရှိနေရင်ကို စိတ်ကျေနပ်နေတတ်တဲ့ လူမျိုး။ ရိပေါ်က ကော်ဖီကို စာလုံးပေါင်းက လွဲလို့ ဘာမှ မသိ။
ကော်ဖီဖျော်ခိုင်းရင်လည်း Starbucks က instant အထုပ်တွေကို ရေနွေးနဲ့ ရောပေးလိုက်တာပဲ။ ဒါပေမယ့် ရွှီခွင်းက တစ်ခါမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ မပြောဖူးဘူး။ ဘယ်လိုပဲ ဖျော်ပေးပေး တစ်ခွက်လုံးတော့ ကုန်အောင်သောက်သွားတတ်တယ်။
အမြဲတမ်း ရိပေါ် ဖျော်ပေးတဲ့ ကော်ဖီလေးက သောက်လို့ အကောင်းဆုံးလို့ ပြောနေတတ်တာ။ စဉ်းစားကြည့်မှ ရိပေါ် ရွှီခွင်းကို ကော်ဖီ မဖျော်ပေးဖြစ်တာ တော်တော် ကြာပြီ။
" နေ့တိုင်း အစောကြီးထပြီး မပြင်လည်း ရပါတယ်။ ငါလည်း မနက်စာကို အဲလောက် စားဖြစ်တာမှ မဟုတ်တာ။ အခုလိုကျ မင်း ပင်ပန်းတာပေါ့ "
" ရတယ်။ ငါက အကျင့်ပါနေလို့။ မင်း မစားချင်လည်း ရတယ် "
" မစားချင်လို့ ပြောတာ မဟုတ်ပါဘူးကွာ။ မင်း အခုလို ပင်ပန်းတာကို မကြည့်ရက်လို့၊ စိတ်မကောင်းလို့ ပြောတာပါ "
" မပင်ပန်းပါဘူး။ မနက်စာ ထချက်ရတာထက် ပိုပင်ပန်းစရာ ကိစ္စတွေ ငါ့မှာ အများကြီး ရှိသေးတယ် "
ရိပေါ် နှုတ်ခမ်းက ထွက်သမျှ စကားတွေက အပ်ကလေးတွေနဲ့ တူတယ်။ တစ်ဖက်သားကို စက္ကန့်ပိုင်းအတွင်း စူးခနဲ နာကျင်သွားစေနိုင်တယ်။ ဒါပေမယ့် ရွှီခွင်းနဲ့ဆို ရိပေါ်က ကိုယ့်အပ်တွေနဲ့ ကိုယ်ပြန်ဆူးမိနေသလိုပဲ။
" ငါ မှားသွားပါတယ်။ နောက်ဆို မင်းစိတ်မကောင်း ဖြစ်စရာတွေ မပြောတော့ဘူး။ အလုပ် သွားတော့မယ်နော်။ ရိပေါ်လေး ... ဒီနေ့လည်း နေကောင်းအောင်နေ "
ရန်ပွဲ လို့ အမည်မတပ်ထားတဲ့ ရန်ပွဲ အကုန်လုံးက ရွှီခွင်းရဲ့ တောင်းပန်စကားတွေနဲ့ပဲ အမြဲ အဆုံးသတ်တယ်။ ဘယ်သူစတဲ့ ရန်ပွဲပဲ ဖြစ်ဖြစ် ရိပေါ်အတွက်တော့ အဆုံးသတ်မှာ ချိုက်ရွှီခွင်းကပဲ အမြဲတမ်းနိုင်တယ်။
⋯⋯⋯⋯⋯⋯
" ဒီနေ့ ဆေးရုံ follow-up သွားပြ ဖြစ်သေးလား "
" အင်း .. ကျဲနဲ့ အတူတူသွားတာ "
ရွှီခွင်းက စကားတစ်ခွန်းပြောပြီးတိုင်း ရိပေါ်ပါးကို တစ်ချက်လာနမ်းနေတယ်။ လက်မောင်းတစ်ဖက်က ရိပေါ် ခေါင်းအုံးဖို့ဖြစ်ပြီး ကျန်တဲ့တစ်ဖက်ကတော့ ရိပေါ်ကျောကို ခပ်ဖွဖွလေး ပွတ်ပေးလို့နေတယ်။
အသက်တစ်ချက်ရှုလိုက်တိုင်း ရွှီခွင်းဆီကနေ shower gel အနံ့တွေရတယ်။ Lavender အနံံ့ကြီးဟာ အခုတလောမှ မုန်းစရာကောင်းလာသလိုပဲ။ ရွှီခွင်းဆီကရတဲ့ အနံ့တွေကအစ သူ မကြိုက်တော့ဘူး။ အနည်းဆုံးတော့ ချိုက်ရွှီခွင်းဆိုတဲ့ ဖြစ်တည်မှု တစ်ခုလုံးကို မုန်းမသွားသေးတာပဲ တော်သေးတယ်လို့ ပြောရမယ်။
" ငါ့ကို ပြန်မနမ်းတော့ဘူးလား "
နှုတ်ခမ်းတွေက ထိကပ်နေပေမယ့် နှစ်ယောက်ကြားမှာ မမြင်ရတဲ့ နံရံတွေ အထပ်ထပ် ခြားနေတယ်။
ရွှီခွင်း လက်ချောင်းတွေက ရိပေါ်ခန္ဓာကိုယ် အနှံ့ပြေးလွှားနေတယ်။ ရိပေါ် စိတ်အာရုံတွေကလည်း ရွှီခွင်း မဟုတ်တဲ့ အရာ မှန်သမျှဆီ ပျံ့လွှင့်နေတယ်။
ရွှီခွင်းက ရိပေါ်နာမည်ကို ခပ်တိုးတိုးလေး ရေရွတ်နေတယ်။ ရိပေါ် နှုတ်ခမ်း ကတော့ ချိုက်ရွှီခွင်း ဆိုတဲ့ စာလုံးသုံးလုံးက လွဲလို့ ရောက်တတ်ရာရာ အာမေဋိတ်သံတွေပဲ ဆက်တိုက်ထွက်လာတယ်။
သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ရွှီခွင်း ဝယ်လာနေကြ ဘွန်ဆိုင်းပင်တွေလိုပဲ။ အချိန်မှန် ရေလောင်းပေး၊ နေပြပေး နေပေမယ့် ဘယ်လိုမှ ကယ်မရအောင် သေနေပြီ။ ဒီဆက်ဆံရေး တစ်ခုလုံးက ဘယ်လိုမှ ပြန်ကုလို့မရအောင် ရောဂါကျွမ်းနေပြီ။
⋯⋯⋯⋯⋯⋯