ရိပေါ် အိမ်ပြန်ရောက်တော့ ဧည့်ခန်း တစ်ခုလုံးက မှည်းမှောင်လို့။ အိမ်ရှေ့မှာ ဘယ်တစ်ဖက် ညာတစ်ဖက် ချွတ်ထားတဲ့ ဖိနပ်တွေ့တာမို့ ရွှီခွင်းကတော့ ပြန်ရောက်နေလောက်ပြီ။ သူ့အကျင့်အတိုင်း ဒီအချိန်ဆို ဝရန်တာမှာပဲ ထွက်ထိုင်နေမှာ။
တကယ်လည်း ရိပေါ် ထင်တဲ့ အတိုင်းပဲ။ ရွှီခွင်းက ဝရန်တာ လက်ရန်းပေါ်မှီရင်း နေဝင်တာကို ငေးကြည့်နေတယ်။ ရိပေါ်ကတော့ နေရောင်တွေ ဖြာကျနေတဲ့ ရွှီခွင်းရဲ့ ကျောပြင်ကိုပဲ ငေးနေမိတယ်။
ရွှီခွင်းက ပိန်သွားလိုက်တာ။ သူက ပြန်ပြီး ပိန်တယ်လို့ ပြောရင် ရွှီခွင်းက ရယ်နေဦးမှာ။ ဒါပေမယ့်လည်း တကယ်ကြီးကို ပိန်သွားတယ်။ တဟူးဟူး တိုက်နေတဲ့လေကြောင့် ရှပ်အင်္ကျီက သူ့ကျောပြင်တစ်ခုလုံးကို သွားသွားပြီး ကပ်နေတဲ့အခါ ရွှီခွင်းတကယ်ကြီး ပိန်သွားတာက ပိုသိသာတယ်။
" ဘာလို့ သူများကို ခိုးကြည့်နေတာလဲ "
သူ့ဘက်ကို မျက်နှာလည့်လာတဲ့ ရွှီခွင်းက ကလေးလေး တစ်ယောက်လို ပြုံးနေတယ်။ ဘေးနားက ခေါက်စားပွဲလေးမှာလည်း Champagne တစ်ပုလင်းနဲ့ ဖန်ခွက် နှစ်ခွက်တွေ့တယ်။ ဝမ်းသာစရာ ကိစ္စ တစ်ခုခု ရှိလို့များလား။
" ဒီနေ့က ဘာနေ့ မို့လို့လဲ။ ငါပဲ မမှတ်မိတာလား "
ရိပေါ် စိတ်ထဲမှာ ဘာအထိမ်းအမှတ်နေ့ကိုမှ စဉ်းစားလို့ မရဘူး။ အလိုက်သင့်လေး မသိချင်ယောင်ဆောင်လိုက်ဖို့ဆိုတာထက် သူတကယ် စဉ်းစားလို့ မရတာမို့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တော့တယ်။
" ဒီနေ့က သောကြာနေ့လေ။ Friday Thirteen "
" ဟင် .. "
သူတို့ နှစ်ယောက် အထိမ်းအမှတ်နေ့ တစ်ခုခုလို့ ထင်နေပေမယ့် မဟုတ်ဘူး ထင်ပါတယ်။ ဟုတ်နေလို့ သူမေ့နေလည်း ရွှီခွင်းက စိတ်မဆိုးတတ်ဘူး။ သူဟန်လုပ်နေမှသာ စိတ်ဆိုးမှာ။ အက်ကွဲကြောင်းတွေ ရှိနေပြီးသား ဆက်ဆံရေးမို့ ထပ်တော့ မဆိုးစေချင်တော့ဘူး။ သူ့မှာလည်း သတင်းကောင်း ရှိနေတော့ ရွှီခွင်းက ဘာများပြောမလဲဆိုတာပဲ နားစွင့်နေမိတယ်။