လဲအာသည် သူလျှိုဖြစ်နိုင်ချေရှိပြီး သံသယပွားဖွယ်စရိုက်ကို ဖုန့်မင်သိခဲ့သည့်အချိန်ကစကာ သူ့ပါးစပ်ကိုသူ သာမန်ကာလျှံကာ မဖွင့်ရဲ... လက်လွတ်စပယ်စကားမဆိုရဲတော့ပါ။ သူတို့လှည်းပေါ်တွင်ပင် စကားမပြောခင် ဖုန့်မင်မှာအတော်လေးပြောသင့်မပြောသင့် စဉ်းစားနေရပြီး တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်ကြားက စကားစမြည်ပြောဆိုခြင်းများက ခြောက်ကပ်လို့သွားချေတော့သည်။ လဲအာသည်လည်း သူ့သခင်၏စိတ်နေစိတ်ထား ရုတ်တရက်ကြီးပြောင်းလဲသွားတာကို သဘာဝအရ သတိပြုမိပါသော်လည်း ဘာမှမဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်း ဆက်ဆံလေသည်။ ထိုအစား ချိုးလန်ဘေးတွင်နေရင်း မင်းသားကို ဝတ်ရုံတော်လဲပေးခြင်း၊ ချိုးရေပြင်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများပြင်ပေးခြင်းစသည့် တာဝန်များကိုသာ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
နောက်ထပ်ရက်ပေါင်းများစွာကြာသည့်တိုင် ဖုန့်မင်သည် ကောင်လေးကို အနီးကပ်သေချာလေ့လာနေခဲ့၏။ လဲအာ၏အပြုအမူများထဲတွင် တစုံတရာသောမူမမှန်ကိုမှ ဖုန့်မင်ရှာဖွေလို့မသိခဲ့ရပါ။ ကောင်လေးကိုစောင့်ကြည့်ရသည်က တဖြည်းဖြည်းဖြင့် မလိုအပ်သည်ဖြစ်တာကြောင့် ဖုန့်မင်လည်း အာရုံနောက်ရသည့်အလုပ်ကို ခပ်ကြာကြာထပ်လုပ်မနေတော့ဘဲ စွန့်လွှတ်လိုက်တော့သည်။ သူလျှိုတွေဟာ တိုင်းပြည်တိုင်းအနှံ့အပြားတွင် ပျံ့ဝင်နေကြပြီး ထိုကိစ္စသည်လည်း အဲ့လောက်အရေးပါလွန်းသည့်ကိစ္စမဟုတ်တာကို ဖုန့်မင်သေချာသိလိုက်ရသည်။ ထို့အပြင် သမားတော်ရှားပြောခဲ့သလိုပင်... လဲအာက သူလျှိုဖြစ်သည်ထားဦးတော့ ချက်ချင်းလက်ငင်းကြီးတော့ အန္တရာယ်ပေးနိုင်ချေအတော်နည်းလွန်းသေးသည်။
ထိုအချက်များကို နှလုံးသွင်းရင်း ဖုန့်မင်စိတ် သက်တောင့်သက်သာဖြစ်လာရပြီး သူ့ကိုယ်ပိုင်လူကြားထဲမနေဝံ့တော့သည့်စိတ်ကိုလည်း တဖြည်းဖြည်းလျော့နိုင်လိုက်တော့သည်။ ဖန်ကျားပြည်နယ်နိမိတ်အတွင်း ၁၁ ရက်မြောက်သောနေ့ကိုရောက်လာသည့်အချိန်တွင်တော့ ပင်ပန်းနွမ်းလျနေသည့် လူတန်းကြီးသည် သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သည့် လဲ့ရှီမြို့တော်သို့ ရောက်ရှိလို့လာခဲ့လေပြီ။
YOU ARE READING
နဝကိုးနိဗ္ဗာန်၏ ဖီးနစ်သခင် (Myanmar Translation)
Historical Fictionနဝကိုးနိဗ္ဗာန်၏ ဖီးနစ်သခင် အတွဲ - ၁ ရှီးလိန်သို့ လွင့်ပါးသွားသည့်ဝိဉာဉ် အတွဲ - ၂ အိမ်ရှေ့စံ၏ နိုင်ငံခြားရေးရာသံတမန်အဖွဲ့ All credits go to Author. Credits for all pictures in this novel. This is just A Translation Work. #justatranslator 💙