ဇွန်လအခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲ၏ ပထမနေ့။
ကျောင်းကားတစ်စီးလုံး စာအုပ်လေးတွေ ကိုယ်စီကိုင်ကာ စာကျက်နေကြသော်လည်း တမ်းတမှာ ဇာ့ဘေးတွင်ထိုင်ရင်း ဒူးနန့်မပြတ်။
"ဟဲ့ နင့်ဒူးကိုငြိမ်ငြိမ်ထား ငါစာကျက်မရဘူး။မျက်စိနောက်တယ်"
အနားမှာ လှုပ်လှုပ်ရွရွလာလုပ်နေရင် အာရုံစိုက်မရတတ်သည်မှာ ဇာ့အကျင့်ဖြစ်သည်။
"ခုကျက်လည်း မီမှမမီတာ ကျက်မနေနဲ့တော့"
"နင်မကျက်ချင် အေးဆေးနေ"ဟု
မျက်မှောင်ကြုတ်ပြီး ပြောလိုက်တော့မှ ဒူးနန့်တာရပ်သွားသည်။ ကျောင်းရောက်သည်နှင့် သူက မြောက်ကြွမြောက်ကြွနှင့် ရှေ့မှ ထွက်သွားသည်။ ဇာကတော့ စာဖတ်မပျက်ဘဲ ခပ်နှေးနှေးသာ လျှောက်၏။ စာမေးပွဲခန်းရှေ့ထိ စာကျက်မပျက်သောကြောင့် သက်သက်နဲ့လည်း စကားပြောဖို့မအား။ စာကြည့်ရပ်လိုက်ချိန်မှာတော့ စာမေးပွဲအခန်းထဲသို့၀င်ဖို့ကျန်သည့်လူမှာ သုံးယောက်လေးယောက်မျှသာ ရှိတော့သည်။ စာမေးပွဲဖြေရမည့် ထိုင်ခုံတွင် နေရာယူ၍ စားပွဲပေါ်တင်ထားသော အဖြေလွှာစာအုပ်တွင် ဘေးမျဥ်းများ အရင်တားလိုက်သည်။ ထို့နောက် သရဏဂုံရွတ်ဆိုပူဇော်၍ ဘုရားကို ဦး၃ကြိမ်ချသည်။ မြတ်စွာဘုရားအားအာရုံပြုပြီးနောက် မျက်လုံးဖွင့်အကြည့်တွင် ထိုင်ခုံနောက်မှီပေါ် မေးတင်လျက် ဇာ့ကို ပြုံးပြုံးကြီးလှည့်ကြည့်နေသော တမ်းတကို တွေ့လိုက်ရတော့သည်။ ထိုအချိန် အခန်းစောင့်ဆရာမမှ
"ဟိုကျောင်းသား ရှေ့လှည့်စမ်း"ဟု
လှမ်းသတိပေးမှ ရှေ့ပြန်လှည့်သွားသူကို ကြည့်ရင်း ဘာကြောင့်ဇာ့ရှေ့ခုံတွင် ရောက်နေသလဲဆိုတဲ့အမေးကို တွေးနေမိသည်။ ဇာသည် တခန်းလုံးရှိ မိန်းကလေးများထဲတွင် ကျောင်း၀င်ခွင့်အစောဆုံးဖြစ်သည်နှင့်အညီ မိန်းကလေးခုံနံပါတ်များတွင် ထိပ်ဆုံးဖြစ်သည်။ ထို့ကြောင့်ကျောင်းသားသစ်ဖြစ်သော တမ်းတနှင့်ရှေ့နောက်ဖြစ်နေခြင်းပင်။ တိုက်ဆိုင်တာထက် အကြောင်းရှိလို့ အကျိုးဖြစ်လာခြင်းတခုပင်။ သို့သော်ငြားလည်း ဒီတခေါက် စာမေးပွဲက ဇာ့ကို အနည်းမျှပို၍ ရင်တုန်နေစေတော့မည်မှာ အမှန်ပင်။
YOU ARE READING
Hush-Hush Love
Short Storyလူတိုင်းstateကျောင်းသားဘ၀မှာကြိတ်ချစ်ခဲ့ရသူတစ်ဦးတော့ရှိဖူးကြတယ်ဟုတ်။ မရှိခဲ့ဖူးဆိုလျှင်တောင်စိတ်ကူးယဉ်ခဲ့ဖူးတဲ့love story lineလေးတွေတော့ရှိခဲ့မှာပါ။ stateကျောင်းသားဘဝကိုပြန်မြင်ယောင်ပြီးပေါ့ပေါ့ပါးပါးလေးဖန်တီးထားပါဆတယျ လူတိုင်းstateကျောင်းသားဘ၀မှာက...