အရင်က ကျောင်းကားပေါ်တွင် လူမည်မျှပါ၍ မည်သူတွေ ဖြစ်ကြောင်း စိတ်မဝင်စားသလို မစပ်စုဖြစ်ခဲ့။ ယခုမူ ကျောင်းကားပေါ်တွင် တမ်းတရှိမှန်းသိနေသောကြောင့်သာ ကားပေါ်မတတ်ခင် ဇာ့မျက်လုံးတွေ ဝေ့ဝဲကာ သူ့ကိုလိုက်ရှာမိသည်။ သူက ကျောင်းကား၏ ညာဘက်ခြမ်း အပေါက်ဝအစွန်တွင် ထိုင်ကာ ပြုံးပြနေသည်။ထိုနေရာမှာ ဇာထိုင်နေကျနေရာဖြစ်သောကြောင့် ဇာ့စိတ်ထဲ ခပ်တင်းတင်း ဖြစ်သွားတော့သည်။အတန်းကြီးတွေသာ ထောင့်စွန်းခုံ ထိုင်ခွင့်ရသည်မို့ ဇာကညာဘက်၊ ၇တန်းမှကောင်လေးတယောက်က ဘယ်ဘက် ထိုင်ခဲ့ရသည်။ အခုတော့သူက ညာဘက်တွင်ဝင်ထိုင်နေသည်မို့ ဇာအတွင်းဘက်တွင်ထိုင်ရပေတော့မည်။ ဇာသည် ပင်ကိုမျက်နှာတည်သူမို့ စိတ်တိုနေမှန်း မသိသာပေ။ ၇တန်းကောင်လေးမှာလည်း ထောင့်ခုံကို လက်လွှတ်ခံချင်မှာ မဟုတ်သောကြောင့်အတွင်းဘက်တွင်သာ ၀င်ထိုင်ဖို့ ရှိတော့သည်။ ကားပေါ်တတ်၍ သူ့ရှေ့မှအဖြတ် ဇာ့လွယ်အိတ်ကြိုးစအား ဆွဲ၍
"ဇာ ငါ့ဘေးထိုင်လေ"
ဟု သူပြောလိုက်ချိန် တကားလုံး တိကနဲ တိတ်ဆိတ်သွားတော့သည်။
ရုတ်တရပ်မို့ ကြောင်အအ ဖြစ်သွားသော်ငြားလည်း အားလုံးဝိုင်းကြည့်နေသည်မို့ သူ့အနားတွင် အမြန်သာ ၀င်ထိုင်လိုက်ရတော့သည်။
ထိုသို့ ထိုင်လိုက်မိသည်နှင့် အမွှေးနံ့သင်းသင်းလေးတမျိုးကို ရလိုက်သည်။ဇာသည် အမွှေးနံ့မကြိုက်ပါ။ မခံနိုင်တာဆို ပိုမှန်ပေလိမ့်မည်။ သို့သော် သူ့ဆီကရသောအနံ့မှာတော့ ဇာ့အတွက်ချွင်းချက် ဖြစ်လာခဲ့သည်။ကျောင်း၏အရှေ့တွင် ကားရပ်လျှင်ရပ်ချင်း အလျင်အမြန်ဆင်းသွားသော သူ့ကြောင့် ဇာ့မှာအံသြရပါသည်။ မနေ့တည်းကပင် ဖော်ရွေနေခဲ့သောသူ မဟုတ်သလို တချက်လေးတောင် နှုတ်ဆက်မသွားသဖြင့် ဇာတေးမှတ်ထားလိုက်သည်။ ဇာထိုင်နေကျ နေရာကိုပါ လုထားတာကြောင့် စိတ်က၂ဆတိုသွားရသည်မလား။
စာသင်ချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီးနောက် မုန့်စားဆင်းချိန်ပင် ရောက်လာခဲ့သည်။ သူကလည်းစမခေါ်သလို ဇာကလည်း အနောက်ဘက်သို့ယောင်လို့ပင်မလှည့်။ ထမင်းစားပြီးချိန်တွင် သက်သက်သည် သူကြိတ်ကြွေနေရသော ရေခဲတုံးကိုယ်တော်အား တွေ့ချင်သောကြောင့် ဇာ့အားလိုက်ခဲ့ပေးရန် ခေါ်လေတော့သည်။ ဇာမှာ ထိုဟိတ်ဟန်ကြီးနေသော ရေခဲတုံးဟု နာမည်ပြောင်ရထားသည့် သူအားကြည့်မရသော်လည်း သက်သက် စိတ်ကျေနပ်အောင် အဖော်လိုက်ပေးရတော့သည်။ မုန့်ဈေးတန်းတွင် အချိုရည်၂ခွက် ၀င်ဝယ်ဖြစ်သည်။ အမှန်ကတော့ သက်သက်၏ ရေခဲတုံးအား ရှာပုံတော်ဖွင့်ကြခြင်းပင်။ ထမင်းကြော်ဆိုင်အရောက်တွင်တော့ လူပြည့်နေသောကြောင့် မိုးတိုးမတ်တပ်ဖြစ်နေသော တမ်းတကို မြင်လိုက်ရတော့သည်။ ပါးစပ်တွင် ထမင်းပလုတ်ပလောင်းဖြစ်သောသူသည် ဇာ့ရှိရာဘက်လှည့်လာချိန် နှစ်ဉီးသားမျက်လုံးချင်း ဆုံသွားသည်။ သူက ပြုံးပြလာသော်လည်း မနက်ကကိစ္စကို မကျေနပ်သောကြောင့် ခပ်တည်တည်သာ စိုက်ကြည့်ပြီး လှည့်ထွက်ခဲ့လိုက်သည်။ သက်သက်မှာမူ သူ့လူအား ရှာမတွေ့ခဲ့ရ၍ စိတ်ညစ်နေတော့သည်။

YOU ARE READING
Hush-Hush Love
Contoလူတိုင်းstateကျောင်းသားဘ၀မှာကြိတ်ချစ်ခဲ့ရသူတစ်ဦးတော့ရှိဖူးကြတယ်ဟုတ်။ မရှိခဲ့ဖူးဆိုလျှင်တောင်စိတ်ကူးယဉ်ခဲ့ဖူးတဲ့love story lineလေးတွေတော့ရှိခဲ့မှာပါ။ stateကျောင်းသားဘဝကိုပြန်မြင်ယောင်ပြီးပေါ့ပေါ့ပါးပါးလေးဖန်တီးထားပါဆတယျ လူတိုင်းstateကျောင်းသားဘ၀မှာက...