"ဒေါက်ဒေါက်"စိတ်ပြေလက်ပျောက် ကော်ဖီထိုင်သောက်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။ ထသွားရမှာ ပျင်းနေသေး၍ လှမ်းအော်မေးလိုက်သည်။"ဘယ်သူလဲ""မမလေးက ကိုမင်းပြည့်ကို ခေါ်ခိုင်းလိုက်လို့ပါ။""ဘယ်သူ့ကို...""ကိုမင်းပြည့်ကိုပါ...""မင်းပြည့်ဆိုတာတော့ ငါပဲ။ ဘယ်က မမလေးက ခေါ်ခိုင်းတာတုန်း။""မမလေး မြစန်းကြည်ပါ..."မြစန်းကြည်... ဒီနာမည် ကြားလိုက်ရတော့ ကျွန်တော် တုန်ရီ မောဟိုက်သွားသည်။ နှလုံးသားရှိရာ နေရာမှလည်း နာကျင်လာပါသည်။ မြစန်းကြည်ဟာ ရွှေရောင်ငါးလေးတွေ ရှိရာ အရပ်ဆီကို နာကြည်းခြင်း စိတ်နာခြင်းများနဲ့အတူ အပြီးပိုင် ထွက်သွားပြီး လောကကို စွန့်ခွာသွားခဲ့ပြီဆို...ကျွန်တော်ထင်ခဲ့တဲ့အတိုင်း တစ်ရွာလုံးက ကျွန်တော့်ကို ဝိုင်းညာခဲ့ကြတာပါလား... တကယ်တော့ မြစန်းကြည်ဟာ လောကကို စွန့်ခွါသွားခဲ့တာမဟုတ်ဘဲ... ကျွန်တော့် တစ်ယောက်တည်းကိုပဲ စွန့်ခွါသွားတာပဲလား...မယုံကြည်နိုင်ခြင်းတွေ နဲ့ မျှော်လင့်နေခဲ့မိတာ ဒီနေ့ထိပါပဲ... အခုတော့ မြစန်းကြည် ကျွန်တော့်ကို ပြန်လာတွေ့နေပြီပေါ့...ကျွန်တော် ထပြေးသွားလိုက်တော့ ခုံစွန်းကို တိုက်မိသွား၏... ကော်ဖီခွက် အောက်ပြုတ်ကျ ပြီး ကွဲသွားသည်... ကျွန်တော် ဂရုမစိုက်အား... ကော်ဖီခွက်ဆိုတာ မြစန်းကြည် မရှိတော့ဘူးဆိုမှ ကျွန်တော့်ကို အဖေါ်လုပ်ပေးခဲ့တာမလား... မြစန်းကြည် ပြန်ရောက်လာပြီဆိုတော့ ကော်ဖီခွက်ကို ကျွန်တော် ဂရုမစိုက်အားပါ...တံခါးကို ဖွင့်လိုက်သောအခါ... တည်ကြည်ခန့်ညားလှသော ကောင်လေး တစ်ယောက်တည်းကိုသာ တွေ့လိုက်ရပါသည်။ ယောက်ျားချင်း ငေးကြည့်မိလောက်အောင် ကြည်လင်သန့်ပြန့်လှသော အသားအရေ ပိုင်ရှင်... ခန့်ညားတင့်တယ်လှသော ကိုယ်အနေအထားနှင့် သစ်လွင် တောက်ပလှသော အဝတ်အစားများ ဝတ်ဆင်ထားလို့ရယ်ပါ... ထိုကောင်လေးကို ကျွန်တော် မနာလို ဖြစ်မိပါတော့သည်။"မမလေးက ကိုမင်းပြည့်ကို လမ်းထိပ် လိုက်လာခဲ့ပါတဲ့""နေပါဦး မင်းနဲ့ မြစန်းကြည်နဲ့က ဘာတော်လဲ""ကျွန်တော်က မမလေးရဲ့ ကိုယ်ရံတော်ပါ"ကျွန်တော် ရယ်ချင်သွားသည်။ ရွာသူ မြစန်းကြည်တောင် ကိုယ်ရံတော်တွေ ဘာတွေ နှင့် ဖြစ်နေသည်။ သူ့ကိုယ်ရံတော် ဆိုသူတောင် ကျွန်တော်ထက် အဆတစ်ရာမက သာလွန်ပုံပေါက်နေတော့ ကြင်ယာတော် ဆိုသူမှာ မတွေးကြည့်ဝံ့တော့... ကျွန်တော့်ခေါင်းမှ တဆစ်ဆစ် ကိုက်လာ၍လည်း ဖြစ်ပါသည်...ဘာပဲဖြစ်ဖြစ် သတိတရနဲ့ ခုလို ပြန်လာတွေ့တယ်ဆိုတော့ ဝမ်းသာရပါသည်..."ကောင်းပြီလေ ငါ လိုက်ခဲ့မယ်... အဝတ်အစားလဲလိုက်ဦးမယ်...""ဒါဆို ကျွန်တော်သွားနှင့်မယ်... ဟိုမှာ မမလေး တစ်ယောက်တည်းကျန်ခဲ့လို့ပါ... အော်မမလေးက ဂစ်တာယူခဲ့ပါတဲ့...""ဂစ်တာ...""ဟုတ်ကဲ့၊ ဂစ်တာယူခဲ့ပါတဲ့...""ဂစ်တာမှ မရှိတာ...""ဟိုမှာ ထောင်ထားတာ ဂစ်တာ မဟုတ်ဘူးလား""အော်အေး... ဟုတ်သားပဲ... ယူခဲ့မယ် ယူခဲ့မယ်"ကျွန်တော်လည်း မြစန်းကြည်နှင့် တွေ့ရမည်ဆို၍လား မသိ ကြောင်တောင်တောင် ဖြစ်လို့နေပါပြီ...မြစန်းကြည်၏ ကိုယ်ရံတော် ဆိုသူတောင် ဒီလောက် ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားသေးတာ ကျွန်တော်လည်း အတတ်နိုင်ဆုံး အကောင်းဆုံးတွေ ဝတ်ဆင်သွားရမည် ဖြစ်သည်။ အလှူ၊ မင်္ဂလာဆောင်တွေ သွားရင်တောင် ဝတ်လှခဲတဲ့ ပိုးထည် တောက်တောက်ပြောင်ပြောင် တို့ကို ထုတ်၍ ဝတ်ဆင်ကာ နံရံတွင် ထောင်ထားသော ဂစ်တာကို ဆွဲ၍ ထွက်လာပါတော့သည်... ဂစ်တာတီးရန် ပတ်ထရမ်တောင် စားပွဲခုံအောက် ကျနေတာတွေ့၍ ကောက်ယူခဲ့ရသေးသည်။ ဂစ်တာကို ယူခဲ့ခိုင်းတာ ဘာအတွက်ပါလိမ့်... ဟိုး အရင် ရွာက မထွက်လာခင်က မြစန်းကြည်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်မှာ နှုတ်ဆက်အနမ်းလေး အမှတ်တရ ယူသွားပါရစေ ဆိုပြီး မြစန်းကြည်ကို မျက်လုံးကလေးမှိတ်ပြီးခေါင်းလေး မော့ထားပါဟု ပြောခဲ့ဖူးပါသည်။ မြစန်းကြည်ကတော့ မျက်လုံးကလေး မှိတ်ပြီး ခေါင်းလေး ငုံ့ထားခဲ့ပါသည်... ပြီးတော့မှ ကျွန်မဆွဲကြိုးလေးပဲ အမှတ်တရ ဖြုတ်ယူသွားလိုက်ပါဟု ပြောခဲ့ပါသည်။ ဒီဆွဲကြိုးလေး သည် ကျွန်တော့ ဘဝတွက် အထောက်အပံ့ဖြစ်ခဲ့ပါသည်... မြစန်းကြည်ကတော့ အမှတ်တရ ယူသွားခိုင်းတာပါ... အခြေအနေအရ ဆွဲကြိုးလေးကို ငွေကြေးအဖြစ် ပြောင်းလဲ ခဲ့ရပြီး အမှတ်တရ အဖြစ် ဒီဂစ်တာလေးပဲ ကျန်ခဲ့ပါသေးသည်... မြစိမ်းရောင် ဝတ်ဆုံဖြင့် လှချင်တိုင်း လှပနေပါသော မြစန်းကြည်... ရွှေရောင် ဝင်းအိ နေသော အသားအရေတို့သည် မမြင်တာကြာ၍လားမသိ အရင်တုန်းကထက် ပို၍ သိသာစွာ တောက်ပနေပါ၏...ယစ်မူးစွဲလန်းခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို လောကတွင် မရှိတော့ဘူးဟု ရင်နာစိတ်မကောင်းကြီးစွာ မှတ်ထင်ထားခဲ့ရပြီးမှ အခုလို ပြန်တွေ့ရသည့်အခါ ယစ်မူးစွဲလန်းခြင်းတို့ စထက် ပို၍ တိုးကာ ယစ်မူးသွားပြန်ပါ၏...သို့သော် သူမသည်... ကိုယ့်ကို သေပြီဟု လိမ်ညာပြီး စွန့်ခွါ ထွက်သွားခဲ့သူ မဟုတ်လား..."မြစန်းကြည်...""ဟုတ်ပါတယ်၊ မောင်... ကျွန်မ မြစန်းကြည်ရယ်ပါ...""မောင် လို့ခေါ်တုန်းပဲ လား... မြစန်းကြည်ရယ်... ဘာရည်ရွယ်ချက်နဲ့ ပြန်လာခဲ့တာလဲ...""ပြောရက်လိုက်တာမောင်ရယ်... မြကမောင့်ကို စောင့်ခဲ့ရတာ နှစ်တွေ အကြာကြီးပါ... မောင်ကသာ စာမလာ သတင်းမကြားနဲ့ မိို့...""တော်ပါမြ... မြက ကိုယ့်ကို ဒီလောက်တောင် ယုံကြည်ပြီး မစောင့်နိုင်ခဲ့ဘူးပေါ့... ဒါဆိုလည်း သေပြီလို့ ညာခဲ့စရာ မလိုပါဘူးကွယ်... မြဘာတွက် ညာပြီး ထွက်ပြေးသွားရသလဲ... ဒီမှာမြ... ကိုယ်ဒါတွေ မသိချင်တော့ပါဘူး... မြတောင်းခိုင်းလိုက်တဲ့ ဂစ်တာ ဒီမှာပါ... မြလည်ပင်းက ဖြုတ်ပေးခဲ့တဲ့ ဆွဲကြိုးလေးကို ရောင်းပြီး သုံးခဲ့ရတဲ့ အထဲက အမှတ်တရကျန်ခဲ့တဲ့ ဂစ်တာလေ... ဒါကို မြသိလို့ ပြန်တောင်းခိုင်းလိုက်တာမလား..."ကျွန်တော် ဆွဲကိုင်ထားသော ဂစ်တာကို လှမ်းပေးလိုက်ရင်း မျက်ရည် စက်တို့ ကျလာပါသည်။ "မဟုတ်သေးပါဘူး မောင်... မြ မညာခဲ့ပါဘူး... တကယ်...""ဒီမယ် မြစန်းကြည်... နာမည်ကြီးမယ့်တစ်နေ့... စင်ပေါ်ရောက်မယ့်တစ်နေ့... မင်းစိတ်ရှည်လက်ရှည်နဲ့ စောင့်မျှော်ပေးပါဦး... အဲဒီနေ့ကျရင် မင်းဆွဲကြိုးလေးကို ပြန်လုပ်ပေးပါမယ်... ခုတော့ ဂစ်တာလေးပဲ ယူူသွားပါ...""ဘာတွေ ပြောနေတာလဲမောင်... မြ ပြန်လာတာ အကြွေးပြန်လာတောင်း တာ မဟုတ်ပါဘူး...""ဒါဆို ဘာကိစ္စတွက် ပြန်လာရတာလဲကွယ်..." "မြ မညာခဲ့ဘူးမောင်... မြ တကယ်ပဲ မြစ်ထဲကို ချောက်ကမ်းပါးပေါ်က ခုန်ချပြီး သေခဲ့တယ်... ခု မြက လူမဟုတ်ဘူးလေမောင်ရဲ့... မြ က တာဝတိ ံသာ နတ်ပြည်မှာ နတ်သမီးဖြစ်နေတာပါ... နတ်ပြည်ရောက်တဲ့နေ့က စပြီး မောင့် ကို လိုက်ရှာနေခဲ့တာပါ... မောင်ရယ် မြရဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ မြင်ရုံနဲ့ လူမဟုတ်မှန်း မသိဘူးလားကွယ်...""မြ... မြ က နတ်သမီးပေါ့... ဟုတ်လား... မြက ကိုယ်ပြန်မလာလို့ ရေထဲ ခုန်ချ ပြီး သေသွားခဲ့တာ တကယ်ပေါ့ဟုတ်လား..."ကျွန်တော် စိတ်တွေသည် ဝမ်းနည်းကြေကွဲနေသော ခံစားချက်များမှ ဝမ်းသာခြင်းအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားပါသည်..."ခု မြ မောင့်ဆီကို လာတယ်ဆိုတာ မောင်နဲ့ အတူ ပျော်ရအောင်ပါ... ဂစ်တာယူခဲ့ပါ ဆိုတာက မောင်ရဲ့ ဂစ်တာတီးပြီး သီချင်းဆိုပြတာကို နားထောင်ချင်လွန်းလို့ပါ... မောင်ရဲ့...""ဝမ်းသာလိုက်တာ မြရယ်... ဒီည မောင်တို့ တူတူ ပျော်ပါးကြရမှာပေါ့နော်...""ဟုတ်တယ်မောင်... အတိတ်ကအဖြစ်အပျက်တွေကို မေ့ထားလိုက်ပါမောင်... မြတို့ မီးပုံပွဲလေးကျင်းပပြီး ပျော်ကြရအောင်ပါ... မောင်က သီချင်း ဆိုပြမယ်မဟုတ်လားဟင်... မြ က ကပြမယ်လေ..."ညသည် သာယာလှပါသည်... ကြယ်စုံ ထွန်းလင်းနေပါ၏... လမင်းသည်လည်း ထွန်းလင်းတောက်ပနေပါ၏... ဆောင်းည တစ်ည ဖြစ်သည့်အတွက် အေးစိမ့်စိမ့်ဒဏ်ကို ခုခံနိုင်ရန်တွက် ကျွန်တော်တို့ မီးပုံတစ်ခု ဖိုကြပါသည်... မီးပုံဘေးတွင် ကျွန်တော်နှင့် မြစန်းကြည်သည် အတိုင်းမသိ ပျော်ရွှင်မြူးတူးနေကြပါသည်... အလန်းဆန်းဆုံး စိတ်အစဉ်ဖြင့် တီးခတ်နေသော ဂစ်တာသံတို့သည် တိတ်ဆိတ်သော ညအား သာယာလှစွာ အသက်ဝင် လှုပ်ရှားနေစေပါသည်... ဂစ်တာ တီးခတ်လာသော သက်တမ်းတစ်လျှောက်တွင် ယခု တီးခတ်ရမှုမှာ စိတ်အကျေနပ်ဆုံးနှင့် အပျော်ရွှင်ဆုံးဖြစ်ရပါသည်... အသံကို ညှာမနေတော့ဘဲ စိတ်ရှိတိုင်း အော်ဟစ် သီဆိုမိနေသော သီချင်းသံမှာလည်း မြူးကြွစွာ ပျံံလွင့်နေပါလိမ့်မည်... အေး... မြ... တဲ့ ဆောင်းတစ်ညမှာ... မီး... ရောင်ထိန်ထိန် လူအများနဲ့... သီချင်းလေးနဲ့ စောင်းမြောင်းဆို... အသည်း...ထဲ နွေး...ထွေး... သွားရမယ်...သီချင်းထဲကလို လူအများနဲ့တော့ မဟုတ်ပါ... နတ်သမီးအများနဲ့ ဖြစ်ပါသည်... မြစန်းကြည်သည် သူ့အဖေါ် နတ်သမီး အပေါင်းတို့ကို လှမ်းခေါ်လိုက်၍ ရောက်လာကြခြင်းဖြစ်သည်... နတ်သမီးလေး မြစန်းကြည်သည် အလှပဆုံး ကပြနေပါ၏... ကျန် နတ်သမီးတို့မှာ စီးချက်ကျကျ လက်ခုပ် ဝိုင်းတီးပေးနေကြပါသည်... ထိုညသည် အံ့သြထူးဆန်းဖွယ်ကောင်းလေစွ... ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းလေစွ... အနာတရ ဖြစ်နေခဲ့ရသော ကျွန်တော်နှလုံးမှ အနာဒါဏ်ရာကို ကုသပျောက်ကင်းခဲ့သော ညပါပေတည်း...ရုတ်တရက် ဆိုသလိုပင် ဂစ်တာကြိုးတစ်ချောင်း ပျက်သွားသည်... ဂစ်တာသံ ဖျက်ခနဲ့ ရပ်သွားပြီး... သီဆိုမှုလည်း ရပ်လိုက်ရသည်... သို့သော် ညသည် တိတ်ဆိတ်မသွားပါ... အော်ဟစ်သံတို့ ဆူညံနေပါ၏..."မောင်ရေ... မြ ပြောထားလို့ ယမမင်းက အခေါ်လွှတ်လိုက်တဲ့ သူတွေ လာနေကြပြီ... မောင်လိုက်သွားပြီး ယမင်းဆီမှာ အစစ်ခံလိုက်နော်... မောင်လုပ်ခဲ့တဲ့ ကုသိုလ်တွေပြန်ပြောပြလိုက်ရင် မြ ဆီလိုက်လာလို့ရမှာပါ... ဆက်ဆက်လိုက်လာခဲ့ပါနော်... မြ သွားနှင့်မယ်..."လကို တိမ်မဲတို့က ဖုန်းသွားလေသည်... ဖိုထားသော မီးပုံပေါ်ကွက်၍ မိုးများ ရွာချတော့၏... ညသည် မဲမဲ မှောင်သွားလေပြီ... နတ်သမီးလေး မြစန်းကြည် အပါအဝင် နတ်သမီးအပေါင်းတို့ ကွယ်ပျောက် သွားပါသည်..."မြစန်းကြည်... မြစန်းကြည်..."ကျွန်တော် လှမ်းအော်ခေါ်ကြည့်သေးပါသည်... မြစန်းကြည်တို့ တကယ် ထွက်သွားပါပြီ... "မြ ဆီ မောင် ဆက်ဆက်လိုက်လာခဲ့မှာပါ... ဆက်ဆက် စောင့်နေပါနော် မြ..."ရင်မှာဟာတာတာ ဖြစ်ကျန်ခဲ့ရုံမက... နာကျင်လာပါသည်... တုန်ရီမောဟိုက်လာပါသည်... တဆစ်ဆစ်ကိုက်လာသော ခေါင်းမှာလည်း ဘာမှ မစဉ်းစားချင် ဖြစ်နေပါတော့သည်... ဝေဝါးလာသော မျက်စိအစုံကိုလည်း စုံမှိတ်၍ ငြိမ်နေရပါသည်... နားထဲမှာတော့ ဆူညံသံတို့ ကျယ်လောင်စွာ ကြားနေရပါသည်... စကားပြောသံတို့လည်း ကြားနေရပါသည်... "ခင်ဗျား ဘာလုပ်နေတာလဲ ဗျာ ညကြီးမိုးချုပ်... မီးတွေ လောင်ကုန်တော့မှာပဲ...""ဒီမှာ နတ်သမီးတွေနဲ့ မီးပုံပွဲ လုပ်နေတာလေဗျာ... ခင်ဗျားတို့လာလို့ နတ်သမီးတွေ ပြန်သွားတာ... ခင်ဗျားတို့က တကယ်ပဲ ယမမင်းလွှတ်လိုက်တဲ့ သူတွေလား...""အာာ.. ဒီလူတော့ ခုညတွင်းချင်းပဲ ခေါ်သွားမှ ရတော့မယ်..."မြစန်းကြည် ပြောခဲ့သလို ယမမင်းဆီ ခေါ်သွားကြတာဖြစ်ပါမည်... ကျွန်တော်ကို ဆွဲခေါ်သွားကြသည်... ငြိမ်ငြိမ်လေးပဲ လိုက်ပါသွားမိသည်... ယမမင်းဆီမှာ အစစ်ဆေး ခံပြီးရင် မြ ဆီ လိုက်သွားလို့ ရပြီ မဟုတ်လား... ယမမင်းဆီ သွားရသည်မှာ မြေကြီးအောက်ထဲ ဝင်သွားရခြင်းမဟုတ်သလို မိုးပေါ် ပျံသွားရခြင်းလည်း မဟုတ်ပါ... ကားတစ်စီးဖြင့် လူတွေ ခရီးသွားသလို သွားရခြင်းသာ ဖြစ်ပါသည်... စင်စစ်မှာ မြစန်းကြည် အမြင်မှားခြင်း ဖြစ်ပါသည်... ဒီလူတွေမှာ ယမမင်းလွှတ်လိုက်သော သူများ မဟုတ်ပါ... ကျွန်တော်တို့ရပ်ကွက်ထဲမှ မြင်ဖူးနေကျ သူများ ဖြစ်နေသည်... "ခင်ဗျားတို့က ရပ်ကွက်ထဲက သူတွေပဲ ဗျ...""ဟုတ်တယ်လေ... သတိပြန်ရပြီလား...""ခင်ဗျားတို့ တော်တော် နောက်တာပဲဗျာ... မြစန်းကြည်က ခင်ဗျားတို့ကို ယမမင်းကကျွန်တော်ကို ခေါ်ဖို့လွှတ်လိုက်တဲ့ သူတွေ ထင်ပြီး ပြန်သွားစောင့်တာ...""ဟားဟား...ဟားဟား..."အားလုံး ဝိုင်းရယ်ကြတော့သည်... ကျွန်တော်လည်း လိုက်ရယ်လိုက်သည်... "ဟုတ်တယ်ဗျ... မြစန်းကြည်နဲ့ ဆိုလို့ ကလို့ ကောင်းနေတုန်းဗျာ... ဘာလဲ ခင်ဗျားတို့က ကျွန်တော့်ကို ရူးနေတယ် ထင်ပြီး စိတ္တဇဆေးရုံပို့မလို့ မလား...""ဒါတော့ သိတယ်လား...""သိတာပေါ့ ကျွန်တော်က ရူးမှမရူးတာ... မြစန်းကြည်တို့နဲ့ တကယ် မီးပုံပွဲလုပ်ပြီး ပျော်နေတာဗျ""အမှိုက်ပုံ မီးရှို့ပြီး တံမြက်စည်းကြီး ကို ဂစ်တာလုပ်တီး အသံဗြဲနဲ့ သီချင်းအော်ဆိုနေတာများ... မရူးဘူးတဲ့ဗျာ... ဟားဟား ဟားဟား...""ဘယ့်နှယ် တံမြက်စည်း ရမှာတုန်း... အဲ့ဒါ မြစန်းကြည်ပေးလိုက်တဲ့ ဆွဲကြိုးကို ရောင်းပြီး ဝယ်ထားတဲ့ ဂစ်တာ အကောင်းစားဗျ...""အင်း နေပါဦး... မြစန်းကြည်ဆိုတာ ဘယ်သူလဲ...""မြစန်းကြည်ဆိုတာ ကျွန်တော့် ရည်စားပေါ့ဗျာ... ပြောပြပါဦးမယ်... လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့... ကျွန်တော် နဲ့ မြစန်းကြည် ရည်းစားတွေ ဖြစ်ခဲ့တယ်... သူက ရွာလူကြီးသမီးဗျ ရွာမှာတော့ ပိုက်ဆံချမ်းသာတယ်... ကျွန်တော်က ငမွဲ... ဒီတော့ သူ့မိဘတွေက သဘောမတူချင်ဘူး... ဒါနဲ့ ကျွန်တော်လည်း ပိုက်ဆံလေးဘာလေးရှာရအောင် ဝါသနာပါတဲ့ အဆိုတော်လုပ်မယ်ဆိုပြီး မြို့ထွက်လာခဲ့တာ... ရုန်းရင်းကန်ရင်း နဲ့ လေးငါးနှစ်လောက် ကြာသွားတာပေါ့... အဆိုတော် ဖြစ်ဖြစ်မြောက်မြောက်လည်း မဖြစ်သေးတော့ ရွာလည်း မပြန်ဖြစ်ဘူးလေ... ဟိုတလောက ရပ်ကွက် ရှိုးပွဲလေးတွေမှာ ဆိုခွင့်ရတော့မှ ရွာပြန်ဖြစ်တယ်ပေါ့... စိတ်မကောင်းစရာပဲဗျာ မြစန်းကြည်က လူကြီးတွေ ပေးစားတဲ့ သူနဲ့ မယူချင်တာနဲ့ မြစ်ထဲခုန်ချ သတ်သေသွားတယ် ဆိုတာပဲ သိခဲ့ရတယ်... ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ မြို့ပဲ ပြန်လာခဲ့တာ... အဲ ခုည မြစန်းကြည် နတ်သမီးအဖြစ်နဲ့ ကျွန်တော့်ဆီ ပြန်လာပြီး ခေါ်တာပဲ... မီးပုံပွဲလုပ်ပြီး ပျော်နေတုန်း ခင်ဗျားတို့ ရောက်လာတာပဲ... မြစန်းကြည်က ခင်ဗျားတို့ကို မြင်တော့ ယမမင်းလွှတ်လိုက်တဲ့သူတွေ ဆိုပြီး ပြန်သွားတာ... ပြန်လာဦးမယ်ထင်တယ်... ဟာ ဟိုမှာ ပြောရင်းဆိုရင်း နောက်ကလိုက်လာပြီ...""ဘယ်သူလဲ မြစန်းကြည်လား...""မဟုတ်ဘူး သူ့ ကိုယ်ရံတော်"ကားရပ်သွားတော့သည်... ဆေးရုံသို့ ရောက်ပြီ ဖြစ်သည်... ကိုယ်ရံတော်လေးသည် ကားနောက်က ပြေးလိုက်လာခြင်း ဖြစ်သည်... ကျွန်တော် ကားပေါ်က ဆင်းတော့မှ "ကိုမင်းပြည့် မမလေးက ဆေးရုံ အနောက် မှာ စောင့်နေမယ်တဲ့ ""အေးအေး"ကျွန်တော် ပြောပြီး ဆေးရုံအနောက် ဘက်သို့ ပြေးသွားလိုက်သည်... "ဟာဟေ့လူ ဟေ့လူ... ဘယ်သွားမှာလဲ... "လှမ်းအော်ပြီး ပြေးလာဖမ်းကြသည်..."ဟိုမှာ မြစန်းကြည်က နောက်မှာ စောင့်နေတယ်တဲ့ သွားတွေ့လိုက်ဦးမယ်...""နောက်မှ တွေ့ဗျာ ကျုပ်တို့နဲ့ အရင် လိုက်ခဲ့ဦး..."ကျွန်တော် သူတို့နောက်လိုက်ပါသွားရပြန်ပါ၏... ကျွန်တော့်ကို ခုတင် တစ်ခုပေါ် လှဲခိုင်း၏... ကြိုးများဖြင့် တုတ်နှောင်ကြ၏... "ကျွန်တော့်ကို ဘာလို့ ကြိုးနဲ့တုတ်နေကြတာလဲ... ဟိုမှာ မြစန်းကြည်စောင့်နေတယ် သွားရဦးမယ်...""မြစန်းကြည် ဘယ်က မြစန်းကြည်လဲ မရှိပါဘူး...""နတ်သမီးလေးမြစန်းကြည်လေ စောင့်နေမယ်တဲ့... ကျွန်တော် ယုံတယ် သူတကယ်စောင့်နေမှာ... ကြိုးတွေ ဖြည်ပေးပါ... သွားတွေ့မှရမယ်... ခုနက သူမှားပြီး ပြန်သွားတာ... ခုပြန်လာနေပြီ... ကြိုးဖြည်ပေးပါ..."ကျွန်တော် အော်ဟစ် တောင်းဆိုနေမိသည်... ကျွန်တော့် အော်သံကြောင့်လားမသိ... မြစန်းကြည် အနားရောက်လာသည်..."မြ မြ မောင့်အနား လာတယ်နော်... ဝမ်းသာလိုက်တာမြရယ်... မောင်လည်း မြဆီ လာမလို့ပါ... သူတို့ကပေးမသွားလို့ပါ...""ကျွန်မ မြ မဟုတ်ပါဘူးရှင်... ဆရာမပါ... သတိထားပါဦး...""ဆရာမ ဆောရီးဗျာ ကျွန်တော်က ဆရာမကို ပြောနေတာ မဟုတ်ဘူးဗျ... ဆရာမနောက်က မြစန်းကြည် ကို ပြောနေတာပါ...""ရှင်..."သူနာပြုဆရာမလေး သည် အလန့်တကြား နောက်လှည့်ကြည့်လိုက်၏..."ကဲ ဆရာမ ကျွန်တော့ကို ကြိုးဖြည်ပေးတော့ ကျွန်တော့် ဘယ်မှာ သွားစရာမလိုတော့ပါဘူး... မြစန်းကြည်က ကျွန်တော့်နား လာနေပါပြီ..."သူနာပြုဆရာမလေးသည် ကျွန်တော်ကို ကြိုးတော့ မဖြည်ပေးပါ... ဆေးတွေပဲ ထိုးပေးသွားပါသည်... မကြာပါ... နတ်သမီးလေး မြစန်းကြည် ကွယ်ပျောက်သွားပြန်ပါသည်... ဒီတစ်ခါ ဘာမှ ပြောမသွားပဲ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခြင်း ဖြစ်၏..."ဆရာမ... ဆရာမ... "ကျွန်တော် လှမ်းအော်ခေါ်လိုက်မိသည်... ဆရာမလေး ရောက်လာပါသည်... "ဘာလဲရှင်""ကျွန်တော့် နတ်သမီးလေးကို ပြန်ခေါ်ပေးပါ...""အင်း ခေါ်ပေးမယ် ခေါ်ပေးမယ်... မနက်ကျလာလိမ့်မယ်..."ဆရာမလေး ပြန်လှည့်သွားပါသည်... ကျွန်တော်လည်း အိပ်ပျော်သွားပါသည်... မနက်ကျ နတ်သမီးလေး မြစန်းကြည် ပြန်မလာပါ... နောက် ဘယ်တော့မှလည်း ကျွန်တော့် နတ်သမီးလေး ပြန်ပေါ်မလာပါ... တော်တော် ရက်စက်ကြသော လူများ ဖြစ်သည်... ကျွန်တော့် နတ်သမီးလေးကို အပြီးပိုင် ဖျောက်ဖျက်ပစ်လိုက်ကြပါသည်...
YOU ARE READING
စိတ်ကူးယဥ်ဖြစ်ရပ်ဆန်း ဝတ္ထုတိုများ
Short Storyသဘာဝလွန် ဖြစ်ရပ်များနှင့် ပတ်သတ်ပြီး ကြားဖူးကြုံဖူးသည့် အတွေ့အကြုံများကို အခြေခံကာ စိတ်ကူးယဥ် ရေးဖွဲ့ထားသော ဝတ္ထုတိုများဖြစ်ပါသည်။