သင်္ကြန်မိုး

35 2 0
                                    

- ဟဲ့ ပလုတ်တုတ်- ဟဲ့ ဂျိုးရုပ်


အချိန်အခါ မဟုတ်ဘဲ မိုးများ ရုတ်တရက် သည်းသည်း မည်းမည်း ရွာချလိုက်သောအခါ ကောင်လေး မိုးခိုရန် ကားမှတ်တိုင် ထဲသ်ို့ ပြေးဝင်ရာ ကားမှတ်တိုင်ထဲမှ ကောင်မလေးတစ်ယောက် ပြေးအထွက် ကောင်လေး နှင့် ကောင်မလေးတို့ မတော်တဆ တိုက်မိကြခြင်း ဖြစ်သည်။ ကောင်မလေးက ပလုတ်တုတ် ဟုယောင်၍ ကောင်လေး က ဂျိုးရုပ် ဟုယောင်သည်။ ကောင်လေးလက်ထဲ တွင်ကိုင်ထားသော ဗလာစာအုပ် ပြုတ်ကျ သွားသည်။ ကောင်လေး ကုန်းကောက်ရန် ပြင်လိုက်သောအခါ- ဟဲ့ ဂျိုးရုပ်- ဟဲ့ ပလုတ်တုတ်


ကောင်မလေး လည်း ကုန်းကောက်မည် ပြုလိုက် ၍ ခေါင်းချင်း စောင့်မိသည်။ ဒီတစ်ခါ ကောင်မလေး က ဂျိုးရုပ်ဟု ယောင်၍ ကောင်လေး ပလုတ်တုတ်ဟု ယောင်မိသည်။ဤသို့ဖြင့် အဲဒီကောင်မလေး နှင့် ကျွန်တော် စတင် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပါသည်။ အဲဒီ အချိန်က မိုးများ သည်းသည်းမည်းမည်း ရွာနေခဲ့ပါသည်။ မိုးတွင်းကာလ မဟုတ်ဘဲ သင်္ကြန်မတိုင်ခင် ရွာသွန်းသောကြောင့် အဲဒီမိုးကို သင်္ကြန်မိုး ဟု ခေါ်ကြသည်။ကျွန်တော့ တစ်ကိုယ်လုံး မိုးရေများ ရွှဲရွှဲစိုနေသည်။ ဗလာစာအုပ်ကလဲ မိုးရေထဲမှာ။ ကျွန်တော် ပြန်ထလိုက်၍ စာအုပ်ကို ကောင်မလေး ကောက်ပေးသည်။ စာအုပ် ပေါ်မှာရေးထားသော နာမည် ကို တစ်ချက်ကြည့်၍ ကောင်မလေးက ပြောသည်။- ကိုမင်းပြည့် တောင်းပန်ပါတယ်။ကောင်မလေးက လှပါသည်။ ဗလာစာအုပ် အဖုန်းပေါ်က ကိုရီးယားမင်းသမီး ပုံထက်လှပါသည်။ ကျွန်တော် မြင်ဖူးသော တီဗွီ ထဲက နတ်သမီးတွေ ထက် လှပါသည်။ ဆံပင် မတိုမရှည် လေးကို ဒီအတိုင်းပဲ ဂုတ်ပေါ် ဝဲချထားသည်။ ဝိုင်းစက်စက် မျက်နှာလေးမှာ မိတ်ကပ်များ ချယ်သထားသည် မထင်ရပါဘဲ ဖြူဝင်းနေသည်။ သူ့မျက်လုံးလေးများ သည် ထူးထူးခြားခြား ခပ်ပြူးပြူးလေးဖြစ်သည်။ အခွံခွါထားသည့် ငုံဥ ပြုတ် အလယ်တွင် အနက် ရောင် တောက်တောက် ဝိုင်းဝိုင်းလေး ချယ်ထားသည်နှင့်တူသည်။ သဘာဝ မျက်တောင် ကော့ကော့လေးတွေ က သူ့မျက်လုံးတွေ ရှေ့မှာ လှလှပပ ထိုးထွက်နေသည်။ ထူးခြားသည်မို့ မျက်လုံးလေးများ ကို သာ ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေရင်း ဘာပြန်ပြောရမှန်း မသိဖြစ်နေမိတော့သည်။- ဟုတ်ကဲ့။ဟုသာပြောပြီး ဆွံ့အသူ တစ်ယောက်လို နေမိသည်။ ကောင်မလေးကဆက်ပြောသည်။- ကျွန်မကြောင့် ကို မင်းပြည့် စာအုပ်မှာ ရေးထားတဲ့ စာတွေ ရေစိုပြီး ပျက်ကုန်ပြီ။ကောင်မလေးက စာအုပ်ကို ဖွဖွ လေး လှန်ကြည့်ရင်း ပြောနေသည်။- ဒီလို လုပ်ပါလား။ ကျွန်မကို စာအုပ် တစ်ရက်ငှားလိုက်။ စာအုပ်အသစ်နဲ့ပြန်ကူးပေးမယ်နော်။ကျွန်တော့် စိတ်တွေ သူ့မျက်လုံးစီမှာဘဲ ရှိနေသည် သို့မဟုတ် သူ့မျက်လုံးတွေက ကျွန်တော့် စိတ်တွေကို ဆွဲခေါ်ထားသည်။ စိတ်ထဲ မရှိပါဘဲ အလိုလို ပါးစပ်က ထွက်သွားသည်က- ဟုတ်ကဲ့။ဟုသာ။ ဒီထက်ပိုသော အသံထွက်ရန် ဘာစကားလုံးမှ ထွက်မလာခဲ့ပါ။ ကျွန်တော့် ဦးနှောက်ကို ကျွန်တော် မပိုင်တော့၊ ကျွန်တော့် စိတ်တွေ ကို ကျွန်တော် မပိုင်တော့၊ ကျွန်တော့် ခံစားချက်တွေကို ကျွန်တော် မပိုင်တော့။ လှပသော ကောင်မလေး ရှေ့ ရောက်တိုင်း ကောင်လေး တွေ အဲလို ဖြစ်တတ်သည်လား မသိ။ ကျွန်တော့် အတွက်တော့ ဒါ ပထမဆုံး ဖြစ်မည် ထင်ပါသည်။သစ်ပင်ကြီးများမှ သစ်ကိုင်းများ ယိမ်းနွဲ့ လှုပ်ခပ်နေသည်အထိ လေ ခပ်ပြင်းပြင်း တိုက်ခတ် နေသောကြောင့် မိုးရေရွှဲစို နေသောကျွန်တော် ချမ်းစိမ့်စိမ့် ဖြစ်နေရာမှ ခိုက်ခိုက်တုန်လာသည်။ ကျွန်တော်နှင့် ကောင်မလေး တို့ မိုးရေထဲမှာ ရပ်နေကြတုန်းလေ။- ကိုမင်းပြည့် တော်တော် ချမ်းနေပုံပဲ။ လာ အချမ်းပြေသွားအောင် ကော်ဖီပူပူလေး သောက်ကြရအောင်။ ကျွန်မတိုက်ပါ့မယ်။ဟုတ်ကဲ့ မှတစ်ပါး တစ်ခြား စကားလုံး ထွက်ဆိုရန် ကျွန်တော့် မှာ အခွင့် မရှိပါ။ ကျွန်တော် ကောင်မလေး ဦးဆောင်ရာသို့ လိုက်သွားသည်။ ကောင်မလေး မှာပေးသော ကော်ဖီကို အတူတူသောက်ခဲ့ကြသည်။ ပတ်ဝန်းကျင် တစ်ခုလုုံး တိတ်ဆိတ် နေခဲ့သည် ထင်ပါသည်။ ကော်ဖီ သောက်ပြီးသွားသော အခါ မှ ကောင်မလေး က- ပြန်တော့မယ်နော် မနက်ဖြန် ဒီကားမှတ်တိုင် လာခဲ့ စာအုပ်ပြန်ပေးမလို့ဟုပြောပြီး ထွက်သွားတော့သည်။ ကောင်မလေး ကော်ဖီဆိုင်ထဲ က အထွက် ကျွန်တော် သတိရလိုက် သည်။ ကောင်မလေး က ဘယ်သူလဲ။ ဘယ်ကလဲ။ နာမည်ဘယ်လိုခေါ်လဲ။ မနက်ဖြန်ဘယ်အချိန် လာရမလဲ။ ဒါတွေ သိချင်နေခဲ့မိပါသည်။ ချက်ချင်း ထလိုက်သွားလိုက်တော့ ကောင်မလေး က မရှိတော့။ မှတ်မှတ်ရရ အဲဒီနေ့က ၂၀၀၅ ခုနှစ် ဧပြီလ ၁၀ ရက်၊ ရန်ကန်မှာ သင်္ကြန်မိုး စရွာတဲ့နေ့။

စိတ်ကူးယဥ်ဖြစ်ရပ်ဆန်း ဝတ္ထုတိုများWhere stories live. Discover now