တစ်စုံတစ်ရာ ခံစားချက် မရှိပါဘဲနှင့် တစ်စုံတစ်ယောက်ကို တစ်ခါတစ်ရံ၌ တမင် သက်သက် တွေးတော စရာ မလိုဘဲ အလိုလို သတိတရ ဖြစ်တတ် လာခဲ့ပါသည် ။တောင်ပေါ်မြို့လေး တစ်မြို့မှ ကပ်ညှိတွယ်ကပ် ပါလာသော ထိုအကျင့်မျိုးသည် တစ်စုံတစ်ယောက်သော သူ၌လည်း ရှိနေခဲ့ပါလိမ့်မည်။
သာယာလှပသော တောင်ပေါ်မြို့လေးတစ်မြို့တွင် တာဝန်ကျစဉ် အခါကဖြစ်သည်။ အဆောင် နှင့် မနီးမဝေးတွင် ဖြူနီပြာဝါ ရောင်စုံပန်းလေးများနှင့် အလှဆင်ထားသော မြေနီလမ်းလေး တစ်ခုရှိသည်။ တစ်ယောက်တည်း ဖြစ်နေသည်မို့ တစ်စုံတစ်ရာ လိုအပ်သည်ဟု တွေးမိသည်မှလွဲ၍ ဤမြေနီလမ်းလေးကို ဖြတ်လျှောက်ရသည်ကို သဘောကျပါသည်။ နေ့တိုင်းလည်း ဖြတ်လျှောက်ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သတိရရနေတတ်သော စားသောက်ဆိုင်လေး ရှိရာသို့ သွားရသော လမ်းလေးဖြစ်သောကြောင့် ဖြစ်ပါသည်။
စားသောက်ဆိုင်လေးသည် တောင်ကုန်းလေး တစ်ခု၏ အစွန်းတစ်နေရာတွင် တည်ရှိသည်။ ညနေလေနုအေး သွေးချိန်တွင် ဆိုင်လေး၏ အပြင်ဘက် တစ်နေရာ၌ ထိုင်၍ ကော်ဖီသောက်ရင်း တောင်တန်းပြာတွေနောက် ပျောက်ကွယ်သွားသော နေမင်းကြီးအား ကြည့်ရသည်ကို ဘယ်တော့မှ မရိုးနိုင်ခဲ့ပါ။
အဲဒီဆိုင်လေးတွင် ပထမဆုံးစထိုင်စဉ်က ဖြစ်ပါသည်။
အစ်ကို ဘာမှာ မလဲ ရှင့်။
ပရီမီယာ ရလား။
မရဘူး ရှင့်။ အဲဒါက ကုန်နေတာ ရှင့်။ မနက်ဖြန်ဆိုရင်တော့ ရမှာပါ ရှင့်။
ရှင့် တွေထပ်အောင် ရှင်းပြသည်က နားထောင်၍ ကောင်းနေသည်။ ချစ်စရာကောင်းအောင် ပြောသည် မဟုတ်ပါဘဲ နှင့် စကားပြောပုံက ချစ်စရာကောင်းနေသည်။ ရှင့် တစ်ခါ ပြောပြီးတိုင်း မျက်တောင်လေး မှိတ်တုတ်မှိတ်တုတ် လုပ်တတ်သည်က တမင် ပြုလုပ်နေသည်ဟု ထင်ရသည်။ နဂိုက ဖြူလတ်သည့် မျက်နှာ၊ နီရဲသည့် နှုတ်ခမ်း၊ မဲနက်သည့် မျက်တောင်တို့ကို ဘာမှ မခြယ်သထားပါ။ ပုခုံး ပေါ်ထိသာ ရောက်သော ဆံပင် တို့ကို လည်း အလိုက်သင့်ပဲ ချထားသည်။ ကပိုကရိုနှင့် မို့ ကောင်မလေး အလှ မပြင်တတ်သေးပါ့လား ဟု မှတ်ချက်ပေးမိသည်။ မည်သို့ပင် ဆိုစေကာမူ ကောင်မလေး၏ အပြုအမူလေး တွေသည် ခိုးလိုးခုလု ဖြစ်စေခဲ့ပါသည်။
ESTÁS LEYENDO
စိတ်ကူးယဥ်ဖြစ်ရပ်ဆန်း ဝတ္ထုတိုများ
Historia Cortaသဘာဝလွန် ဖြစ်ရပ်များနှင့် ပတ်သတ်ပြီး ကြားဖူးကြုံဖူးသည့် အတွေ့အကြုံများကို အခြေခံကာ စိတ်ကူးယဥ် ရေးဖွဲ့ထားသော ဝတ္ထုတိုများဖြစ်ပါသည်။