အိမ်အပြန်

15 2 0
                                    


အထက်တန်းကျောင်းသားဘဝတုန်းက ညနေ ၃ နာရီ ခွဲ ကျောင်းဆင်းသော်လည်း အိမ်တန်းပြန်လို့မရသေးပါ။ ကျောင်းကနေ စက်ဘီးစီးလျှင် မိနစ် ၂၀ လောက်ကြာမည့်တစ်နေရာမှာ စာထပ်သင်ရပါသေးသည်။ အဲဒီ စာသင်တဲ့နေရာက စာသင်ပေးမယ့် ဆရာမ တစ်ယောက်ရဲ့အိမ်ဘေးမှာပါ။ အဆောက်အဦးက ရုပ်ရှင်ရုံအဟောင်းကြီးပါ။ အခု ရုပ်ရှင် မပြတာ ကြာပြီ ဖြစ်လို့ အဟောင်းလို့ သတ်မှတ်ထားခြင်းဖြစ်သည်။ ဆရာမ မိသားစု ပိုင် ဟု ပြောကြသည်။ အခုတော့ အရှေ့မျက်နှာစာ ဘက်မှာ လူသုံးကုန် အလှကုန်ပစ္စည်း တွေခင်းကျင်း ထားပြီး စတိုးဆိုင် လုပ်ထားသည်။ အဆောက်အဦးကြီးမှာ သစ်သားတွေ နဲ့ချည်းသာ ဆောက်ထားသော ပျဉ်ထောင် အဆောက်အဦးကြီးဖြစ်သည်။ ရေနံချေး တွေ တစ်ခုလုံး မည်းနေအောင်သုတ် ထားသည်။ စာသင်ဖို့နေရာကိုတော့ ထို အဆောက်အဦးကြီး အနောက်ဘက်ခြမ်း တွင် ပြင်ဆင်ထားသည်။ အထဲတွင် ရုပ်ရှင်ရုံတို့ ထုံးစံအတိုင်း ဖြစ်သည်။ ခန်းမကြယ်ကြီး ဖြစ်ပြီး နေခင်းဘက်တောင်မှ မီးမဖွင့်ထားလျှင် မည်းမှောင်နေသည်။ မီးဖွင့်လိုက်လျှင်တော့ နိမ့်ရာမှ မြင့်သွားသောခုံတန်းများနှင့် ၎င်းတို့ရှေ့တွင် ညစ်ပေနေပြီ ဖြစ်သော မီးခိုရောင် ပိတ်ကား ကြီး လျော့ရွဲရွဲကို မြင်တွေ့ရသည်။ အပေါ်မော့ကြည့်လျှင် မျက်နှာကျက် မရှိပဲ ထုတ်တန်းများ နှင့် အပါ်သွပ်မိုးကို မြင်ရသည်။ ဖန်မီးချောင်းများကို ထုတ်တန်းများမှ ကြိုးဆွဲပြီး ဖြစ်သလို လိုက်ဆွဲချိတ်ထားသည်။ ထုတ်တန်းတွေ ကြားနှင့့် မီးချောင်းတွေ ပေါ်တွင် ပင့်ကူမျှင်များ ရှိနေသည်။ ခြောက်ခြားစရာနေရာကြီး တစ်ခုဖြစ်သည်။ စာသင်ဖို့အတွက် ပိတ်ကားကြီး နှင့် ခုံတန်းတွေ ကြား တွင် စားပွဲခုံရှည်တစ်လုံးနှင့် ထိုင်ခုံများ ချထားပေးသည်။

          တစ်နေ့ ထို ရုပ်ရှင်ရုံဟောင်းကြီးထဲတွင် စာသင်ပြီးတော့ မိုးများသည်းကြီးမည်းကြီးရွာနေလေသည်။ မိုးတွင်းကာလ မိုးရွာခြင်းဖြစ်၍ မည်သူမျှ ထူးထူးခြားခြား လုပ် ငြီးငြူ ပြောမနေကြတော့ပေ။ ကျောင်းသူကျောင်းသားများ ကိုယ်စီကိုယ်စီ ထီးစောင်းသူ စောင်း မိုးကာ ဝတ်သူဝတ် နှင့် ခပ်သုတ်သုတ် ထွက်သွားကြတော့သည်။ တစ်နေကုန် ကျောင်းတွင် စာသင်လာ ပြီး အခု ဒီီနေရာတွင်လည်း ထပ်သင် နှင့် အခုလို နားရတော့မည် အချိန်တွင် အားလုံးက ပင်းပန်းနွယ်နယ်နေကြသည်။ မည်သူ့ကို မည်သူမျှ ဂရုမစိုက်နိုင်တော့ဘဲ အိမ်အမြန်ပြန်ရောက်ရေးကိုသာ စိတ်ထဲတွေးနေကြပုံရသည်။ မြန်မြန်ဆန်ဆန်နှင့် ထွက်သွားလိုက်ကြတာ အထဲတွင် မင်းပြည့်တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ မင်းပြည့် ကျောင်းတွင် ထီးမေ့ကျန်ခဲ့ သည်ကိုပဲ စိတ်ထဲကြိတ် ကြိမ်ဆဲနေရသည်။ ကျောင်းတွင် ထီးကျန်ခဲ့ကြောင်း ကို သူ အပြင်ထွက်ခါနီး မှ သတိရလိုက်ခြင်းဖြစ်သည်။  မိုးကလည်း ကြီးနေသည်မို့ သူ ဒီအတိုင်း မိုးရေထဲ မပြန်ချင် အကူအညီ တောင်းစရာ သူငယ်ချင်းတွေကလည်း မရှိတော့့။ မိုး မတိတ်သည့်တိုင်အောင် မိုးနည်းနည်းစဲ မည့်အချိန်ကို ထိုင်စောင့်ရန် ဆုံးဖြတ်လိုက်ရသည်။ အထဲပြန်ဝင်ပြီး ထိုင်ခုံတွင် ထိုင်စောင့်နေမိသည်။

စိတ်ကူးယဥ်ဖြစ်ရပ်ဆန်း ဝတ္ထုတိုများWhere stories live. Discover now