ကျွန်မတို့ အိမ်ထောင်ကျပြီး မကြာသေးခင်မှာပဲ ခွဲခွါနေရဖို့ အကြောင်း ဖန်လာခဲ့ပါသည်။ အိမ်ထောင်မကျခင်နဲ့ ကျပြီးစအချိန်ထိတော့ ကျွန်မတို့မြို့မှာပဲ မောင် အလုပ်လုပ်ခဲ့သည်။ အခု အခြားဒေသတစ်နေရာ ကို သွားရတော့မည်။ မောင့်မှာလည်း နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူမို့ စေညွှန်ရာ အရပ်ဒေသ ကို မငြင်းသာမပယ်သာ သွားရောက် တာဝန်ထမ်းဆောင်ရပါသည်။ ကျွန်မ မောင်နဲ့ အတူလိုက်နေဖို့ ပြောတော့ သူရော ကျွန်မ မိဘ များကပါ ခွင့်မပြုကြပါ။ မိဘများက ကျွန်မရဲ့ ဒီမြို့က ဆေးခန်းလေး စွန့်လွှတ်ရမည်ကို သဘောမတူချင် ကြကြောင်းပြောကာ တားမြစ်သည်။ ကျွန်မ ကတော့ မောင်နဲ့ အတူနေရမည်ဆိုပါက ဆေးခန်းစွန့်လွှတ်ရန် မှာ ထိုက်တန်သည်ဟု ယူဆခဲ့သည်။ မောင်ကတော့ ဆေးခန်းကိစ္စ ထည့်မပြောဘဲ သူသွားရမည့် ဒေသမှာ ငှက်ဖျားအဖြစ်များတာက တစ်ကြောင်း၊ မြို့နဲ့ အလှမ်းဝေးတဲ့ တောရွာတွင်ဖြစ်လို့ အစားအသောက် ဆင်းရဲမည်ဖြစ်တာက တစ်ကြောင်းနှင့် ချစ်ဇနီးလေး ပင်ပန်းဆင်းရဲမည်စိုး၍ မလိုက်စေချင်။ ဒီလိုဆို မောင်ကျတော့ရော.. မောင် ငှက်ဖျားဖြစ်လို့ဖြစ်ဖြစ် အာဟာရချို့တဲ့လို့ဖြစ်ဖြစ် ပြန်လာခဲ့ရင် ချစ်ဇနီးလေးကုပေးပေါ့တဲ့။ ချစ်ဇနီးလေးသာ တစ်ခုခုဖြစ်ရင် မောင် မလုပ်တတ်မကိုင်တတ်နဲ့ မောင်ရူးသွားလိမ့်မယ်တဲ့။ ချစ်သော မောင်ကမှ မလိုက်စေချင်မှတော့ ကျွန်မ အလွမ်းဖြင့်ကျန်ခဲ့ရုံသာရှိတော့သည်။ မိဘ တွေနဲ့တောင် ခွဲခွါမနေဖူးတဲ့ ကျွန်မအဖို့ အလွမ်းဆိုတာ ပြင်းထန်တဲ့ ရောဂါဆိုး တစ်ခုမှန်း သိတတ်ခဲ့ရပါသည်။
မောင့်အတွက် နှင့် ကျွန်မ အမျိုးမျိုးစိတ်ပူရပါသည်။ မောင်တစ်ယောက် အလုပ်တွေများပြီး ပင်ပန်းနေမလား။ အစားအသောက် အဆင်မှပြေပါ့မလား။ နေထိုင်ရော ကောင်းပါရဲ့လား။ တစ်ခုခုဖြစ်လို့ကတော့ ဆေးမှီးတိုတွေနဲ့ ကုမနေပဲ ချက်ချင်း ခွင့်ယူပြီး ပြန်လာခဲ့ဖို့ အတန်တန်တော့ မှာပါရဲ့ တယ်လီဖုန်း အဆက်အသွယ် မရတဲ့ ဒေသဆိုတော့ မောင့်အသံ တောင် မကြားရတာ ကြာပါ့။ တစ်လတစ်ခါလောက်လာတတ်တဲ့ မောင့်စာလေးတွေ ဖတ်ပြီးပဲ အလွမ်းဖြေနေရသည်။ မောင်နေကောင်း ကျန်းမာကြောင်းသိရတော့လည်း စိတ်ပူတာကတော့ မရော့။ မောင် ကျွန်မကို သတိရတယ်ဆိုတာ တကယ်ရောဟုတ်ပါလေစ။ တစ်နယ်တစ်ကျေးမှာ တိုင်းရင်းသူ ချောချောလေးတွေများ တွေ့နေပြီလား။ ငှက်ဖျားကာကွယ်အောင် ဆိုပြီး တစ်ခွက်တစ်ဖလားမော့ရင်းနဲ့ မောင် အရက်သမားကြီးများ ဖြစ်နေပြီလား။ စိတ်ပူရပြန်တာပါပဲ။ မောင်ရယ် ကျွန်မရှေ့မှောက် အမြန်ဆုံးပြန် ရောက်လာပါတော့ကွယ်။
YOU ARE READING
စိတ်ကူးယဥ်ဖြစ်ရပ်ဆန်း ဝတ္ထုတိုများ
Short Storyသဘာဝလွန် ဖြစ်ရပ်များနှင့် ပတ်သတ်ပြီး ကြားဖူးကြုံဖူးသည့် အတွေ့အကြုံများကို အခြေခံကာ စိတ်ကူးယဥ် ရေးဖွဲ့ထားသော ဝတ္ထုတိုများဖြစ်ပါသည်။