ရက်ရောလွန်းတဲ့ ဆန်တာက ကိုယ့်ကို လက်ဆောင်တစ်ခု ရွေးချယ်ခွင့်ပေးတဲ့အခါ "ရှင်သန်ခြင်း"ကို တောင်းဆိုခဲ့တယ်။
ဒါပေမယ့် ခရစ္စမတ်ညမှာ သူဟာ ကွက်ကီးတွေ မယူဘဲ ကိုယ့်နှလုံးသားကိုသာ အစားပြန်ယူသွားလေရဲ့။
စာလေး ထားခဲ့သေးတယ်။
မင်းလက်ဆောင်က သိပ်ကြေးကြီးတယ် ကွက်ကီးနဲ့ မလောက်ဘူးတဲ့။
_____________Heart of my present
တောင်ကိုရီးယား၏ ဒီဇင်ဘာသည် နှစ်တစ်နှစ်၏ အစ ဇန်နဝါရီကို မမှီသောငြား ရှေ့လများနှင့် ယှဉ်လျှင် သူ့ပုံသူ့ပန်းနှင့်တော့ အရိုးကွဲအောင် အေးသော လဖြစ်လေသည်။လူတိုင်းသည် ဓားသွားကဲ့သို့ ကြမ်းရှသော ဆောင်းလေအေးကို ခုခံနိုင်ရန် ပြင်ဆင်ကြရပြီး ရေခဲမှတ်အောက် မရောက်သည့်တိုင် ခံရခက်သော အအေးဒဏ်ကို အသင့်စောင့်ကြိုရသည်။တစ်နည်းအားဖြင့် ကြမ်းတမ်းသော လတစ်လပင်။
သို့သော် သည်လိုနေ့မျိုးဆိုရင်တော့ဖြင့် လူတွေသည် အိမ်ပြင်သို့ အစီအရီထွက်ကာ ဆောင်းညချမ်း၏ အေးချမ်းမှုစီသို့ ပျော်ပျော်ကြီး ဝင်တိုးကြလေသည်။
ဆော့ဂျင်သည် ဆောင်း၏ အညှာအတာမဲ့သော အအေးဒဏ်နှင့် မလိုက်ဖက်သည့် ရင်သက်ရှုမောဖွယ် သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေမိသည်။
ဆိုးလ်မြို့ ကမ်းနားသဘာဝပန်းခြံ၏ အလယ်မှ ရင်ပြင်သည် ကြမ်းတမ်းအေးခဲသော ဒီဇင်ဘာလ၏ သည်လိုအခါသမယမျိုးဆိုလျှင်တော့ မီးရောင်စုံတို့ဖြင့် တောက်ပလျက်။ ခေါင်းလောင်းသံတချွင်ချွင်၊ရယ်သံတလွင်လွင်တို့သည် လွင်ပြင်လယ်က ရေပန်းကျသံကိုပင် ဖုံးလွှမ်းလောက်အောင် စီညံနေပေသည်။ဆိုင်ခန်းငယ်တို့တွင် ခရစ္စမတ်ကို ဖော်ကြူးသော ကျီးပေါင်းပင်လေးများ၊ရွှေရောင်ခေါင်းလောင်းများနှင့် ဖဲကြိုးနီများကို ဖောဖောသီသီ တန်ဆာဆင်ထားပြီး လူတို့သည် ဆိုင်ခန်းငယ်တို့တွင် ဝင်ချည်ထွက်ချည် အလုပ်ရှုပ်လျက်။
အရာရာသည် ခရစ္စမတ်ဆိုသော အငွေ့အသက်အောက်တွင် နူးညံ့တောက်ပစွာ တည်ရှိနေကြကုန်၏။

YOU ARE READING
Heart of my Present(Eden Contest)
Fiksi Penggemarသန်းခေါင်ယံအချိန်ရဲ့ နှင်းတွေကြားထဲ လမ်းပျောက်နေတဲ့ ကိုယ့်ကလေးငယ်....ကိုယ်မင်းအတွက် ဆန်တာဆီက လက်ဆောင်ယူခဲ့တယ်။ "မျှော်လင့်ချက်"ဆိုတဲ့ မီးစာလေးတစ်စပေါ့ ထာဝရအတွက်လေ။ Cover by Jaejoong Htike