ဆောင်းရာသီ၏ မနက်ခင်းတွင် ထူးထူးဆန်းဆန်း ဥဩတွန်သံကလေးက တိုးညှင်းစွာထွက်ပေါ်လာသည်။ ရာသီဥတုများ ဖောက်ပြန်သလို သတ္တဝါကလေးများသည်ပင် ရာသီကို မသဲကွဲတော့လေသလားမပြောတတ်ပေ။ ဒီဇင်ဘာလ၏ ရန်ကုန်ဆောင်းကတော့ သည်နှစ်မှ အအေးပိုနေသည့်နှယ် ပတ်ဝန်းကျင်တွင် မြူနှင်းတို့ ဝေဆိုင်းလျှက်ရှိနေတော့သည်။
"တီတီ တီတီ"
နိစ္စဒူဝလုပ်ငန်းစဉ်တို့ကို လှုပ်ရှားရန် အဆင်သင့်ပေးပေးထားသည့် နှိုးစက်သံက ငြိမ်သက်နေသည့် အခန်းအတွင်း ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာသည်။
"ပေါင်ပေါင်"
အခန်းတံခါးဝဆီမှ တံခါးခေါက်သံနှင့်အတူ အမည်နာမကိုခေါ်တွင်နေသည့် လူသားနှိုးစက်သံကလေး။
"ပေါင်ပေါင် ထ တော့လေကွာ"
အိပ်ယာပေါ်တွင် ရာသီဥတုကိုအကြောင်းပြုရင်း ကြားရသမျှ အသံတို့ကို လျစ်လျူရှုနေသည့် ပြည့်ဖြိုးဟန်၊ မျက်လုံးတို့ကို ဖိကပ်ကာ အိပ်ချင်ဟန် ဆောင်နေပုံသာပေါ်၏။
"ပေါင်ပေါင် မင်းနိုးနေပြီဆိုတာ ငါသိတယ်နော်။ ထတော့။ မင်း အလုပ်သွားရမယ်လေ"
ခန္ဓာကိုယ်ပေါ်မှ ခြုံစောင်ကို အတင်းဖယ်ရင်း စံလင်းကြိုးစားပမ်းစားနှိုးနေသော်လည်း ပြည့်ဖြိုးမှာ တုပ်တုပ်ပင်မလှုပ်သေး။
"ဟာ ဟေ့ကောင်"
ရုတ်တရက် ဆွဲပွေ့ခံလိုက်ရသည့် သူ့ခန္ဓာကိုယ်က လဲလျောင်းနေသည့် ပြည့်ဖြိုးရင်ခွင်ထဲတွင် အံဝင်ခွင်ကျဖြင့်။
"စုန်း"
မျက်ရစ်ပါးပါးဖြင့် မျက်ဝန်းတို့က စူးစိုက်ကြည့်ရင်း နှုတ်ခမ်းပါးတစ်စုံမှ 'စုန်း' ဟုခေါ်သံကြားရလေတိုင်း စံလင်း ရင်ခုန်စမြဲ။
"အေး"
မျက်လွှာချရင်း တုံ့ပြန်မိတော့ ပိုမိုတင်းကြပ်စွာ ထွေးပွေ့လာသော အနှီလူသား။ ထို့အတူ နဖူးပြင်ပေါ်သို့ နွေးထွေးစွာ ကျရောက်လာသည့် အနမ်းတစ်ပွင့်။
"မောနင်း စုန်း"
မောကြည့်မိတော့ ပြုံးပြနေသည့် ထိုကောင်ကလေးကို သူအမှန်ပင် မြတ်နိုးရပါသည်လေ။
VOCÊ ESTÁ LENDO
ချည်နှောင်မိသမျှ...သူ || ခည်ြနှောင်မိသမျှ...သူ
RomanceSeason-2 of Philophobia.... Art : @ZonLayNwe❣️