လက်ကောက်ဝတ်မှာ ရွှေချူးရုပ်ကလေးကို အမဲရောင်ပုတီးကုံးနဲ့ စပ်ကာထားသည့် လက်ကောက်ကလေးက နေရာယူထားလေသည်။ သူ့အား "ငါနင့်ကို လက်ထိပ်ခတ်လိုက်ပြီ။ နင်ကငါ့အပိုင် ဖြစ်သွားပြီ" ဆိုပြီးတော့ ပေးအပ်လာသည့် မဒီခေတ်ရဲ့ သူ့အတွက် မွေးနေ့လက်ဆောင်ပဲ ဖြစ်ပါတော့သည်လေ။
လက်နှစ်ဖက်ကို ယှက်နွယ်လျက် ကြည်နူးစွာ ကျောင်းခန်းထဲသို့ ဝင်လာကြသည့် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ဟာ အတန်းထဲကလူတွေမျက်လုံးထဲ အထူးအဆန်းသဖွယ် ဖြစ်နေကြပုံပဲ။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျောင်းတက်လာသည့် လေးနှစ်အတွင်း အမြဲတမ်းတကျက်ကျက် ရန်စောင်နေကြသည့် သူတို့က နောက်ဆုံးနှစ်မှပဲ ချစ်ကြည်ရေးရပြီး တည့်မြတ်သွားသည် ဆိုတော့လေ။ ဟက်...တည့်မြတ်တာထပ် ပိုမှာပေါ့ ပေါင်းစည်းသွားကြတာလေ။
"အ!!!"
"ဘာလို့ နှာဘူးရုပ်ကြီးနဲ့ ပြုံးဖြီးဖြီးလုပ်နေတာလဲ ယသော်"
အော်...အလကားနေရင်း နှာတွေးတွေးပြီးပြုံးမိလို့ ဗိုက်ခေါက်ကို လိမ်ဆွဲခံလိုက်ရပြီ။ တကယ်ကိုပဲ မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိဆိုတာ တယ်မှန်ပါ့လေ။
ယသော်က ပုံမှန်အတိုင်း သူ့နေရာဖြစ်တဲ့ သရဖီဘေးကို ဝင်ထိုင်လိုက်တော့သည်။ ထိုအခါ သရဖီက သူ့နားလေးကပ်ပြီး မေးလာခဲ့လေ၏။
"နင်နဲ့ မဒီခေတ်တို့က အဆင်ပြေသွားကြပြီလား ယသော်"
"ဟက်... အဆင်ပြေတာထက်ကို ပိုနေသေးတယ်။ ငါတို့တွေက ချစ်သူတွေပါ ဖြစ်သွားကြပြီ"
"ဘယ်လို!"
ယသော်ဖက်က ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံလာ စကားကြောင့် သရဖီတို့ ရုပ်ပျက်ဆင်းပျက်ပဲ ဖြစ်သွားလေတော့၏။ သူတို့က ချစ်သူတွေတောင် ဖြစ်သွားကြပြီတဲ့လားလေ။
တကယ်တော့ သရဖီက lesbian တစ်ယောက်ဖြစ်ပါသည်။ ဒါကိုလည်း ယသော်တစ်ယောက်ထဲဆီမှာပဲ ဝန်ခံထားခြင်း ဖြစ်၏။
ယသော်ဟာ ပထမဆုံးလူပါပဲ။ သူအဲ့လို ဝန်ခံလိုက်တုန်းက သူ့အပေါ် ရွံရှာတဲ့မျက်လုံးတွေနဲ့ မကြည့်လာပဲ ပုံမှန်အတိုင်း သူငယ်ချင်းလို ဆက်ပြီး ခင်မင်ပေးခဲ့သည်လေ။