Chapter-10 (Unicode)

96.6K 7.5K 2.3K
                                    

တိတ်ဆိတ်နေသောအခန်းငယ်ထဲ အိပ်ပျော်နေသော ကိုယ်ဝန်ဆောင်မိခင်တို့၏ အသက်ရှူသံမှန်မှန်ကို တိုးတိတ်စွာကြားနေရသည်။ တစ်ခန်းလုံးတွင် အသိရှိနေသောလူသားဟူ၍ လင်းထက်နှင့် ထိုလူကြီး နှစ်ဦးသာ။

အချိန်ကား ည၁၂နာရီ။

မနေ့က ကိစ္စပြီးကတည်းက ယခုအချိန်ထိ ထိုလူကြီးနှင့် လင်းထက်နောင် စကားမပြောဖြစ်။ ယနေ့ညသည် လင်းထက်နောင်တို့ ဤသားဖွားဆောင်တွင် တာဝန်ထမ်းဆောင်ရသည့် နောက်ဆုံးညပင်။ မနက်ဖြန်မှစ၍ ထိုလူကြီးနှင့် လင်းထက် တွေ့ရမည်မဟုတ်တောပေ။

ရင်ထဲ လှိုက်ဖိုဝမ်းနည်းမှုက စို့တက်လာပြန်သည်။ ကျောခိုင်းထားသော ကျောပြင်ကျယ်ကို လွမ်းဆွတ်စွာငေးမောမိသည်။ တစ်နေကုန် ထိုလူကြီးအား ​ရှောင်သည်ဆိုသော်ငြား မိနစ်တစ်ခုခြားတိုင်း လွမ်းဆွတ်စွာ ခိုးကြည့်နေမိသည်ကိုတော့ ကိုယ့်ကိုယ်ကိုယ်သာလျှင် အသိဆုံးဖြစ်သည်။

နောက်ဆုံးညတွင် အစ်မမေသဇင်က သူနှင့် ဂျူတီအတူကျရမည့် လင်းထက်ကို ဘာကြောင့်ရယ်မသိ ထိုလူကြီးနှင့် အတူထားခဲ့သည်။ အမှတ်မရှိသည့်စိတ်တို့ကလည်း ထိုလူကြီးအနားနောက်ဆုံးနေချင်သေးသည်မို့ မငြင်းဆန်ခဲ့မိ။

အခန်းလေးအတွင်း ညဥ့်သန်းခေါင်ယံတိတ်ဆိတ်မှုက တရွေ့ရွေ့ပိုမိုကြီးစိုးလာသည်။ ထိုလူကြီးက လင်းထက်ကို စကားတစ်ခွန်းမှပြောမလာသလို လှည့်လည်းမကြည့်။ ရင်ထဲစို့နင့်ကာ ဝမ်းနည်မှုက လှိုက်တက်လာသည်။ ကိုယ့်ကိုယ်ကိုယ်မှားသွားပြီလားဟု သံသယဝင် ဝေဝါးလာမိသည်။ ကိုယ့်အတွေးနှင့်ကိုယ် သဝန်တိုမှုကြောင့် ရှိနေသည့်ခင်မင်မှုလေးကို လင်းထက်က ဖျက်စီးပစ်ခဲ့မိသည်။

သူ့ဆီကလား ကိုယ့်ဆီကလား မသဲကွဲသော စန္ဒကူးနံ့သင်းသင်းက တစ်ချက်တစ်ချက်လေအဝှေ့မှာ ကျီစယ်သည်။

ထိုစဥ် တိတ်ဆိတ်မှုကိုဖောက်ခွင်းလိုက်သော vibration သံနှင့်အတူ စားပွဲပေါ်တင်ထားသော လင်းထက်၏ဖုန်းကမြည်လာသည်။ ခေါ်ဆိုသူက မမ။

ဘာကြောင့် သည်အချိန်ကြီးမှ မမက ဖုန်းဆက်ရသနည်း။ လင်းထက် ဖုန်းကိုကိုင်ကာ ခပ်တိုးတိုးထူးရင်း သားဖွားခန်းဖက်သို့ ထွက်လာခဲ့လိုက်၏။ လင်းထက်ကို တစ်ချက်မှ လှည့်မကြည့်သည့် ကျောပြင်ကျယ်ကိုတော့ မနေနိုင်စွာ တစ်ချက်ကြည့်မိခဲ့သည်။ လုံးဝကို တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်သည်မို့ နှုတ်ခမ်းကိုသာ ခပ်တင်းတင်းဖိကိုက်မိသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now