ရွာလူကြီးအိမ်က အပြန်မှာ ညနေစောင်းနေခဲ့ပြီ။ နေ့လည်စာပါ တစ်ခါတည်းကျွေးပြီး စကားလက်စုံပြောကာ အကြောင်းအရာတချို့ကိုလည်းဆွေးနွေးခဲ့ကြသေးသည်။ ထိုအကြောင်းအရာထဲမှာ သူက သူ့အတွက် အိမ်ထပ်ဆောက်ရန်မလိုကြောင်း ပြောသေးသည်။ နှစ်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ကန်ရေပြင်ပေါ်ကို ခဲလုံးလေးတစ်လုံး အရှိန်ပြင်းပြင်းပြုတ်ကျသွားသလိုပါပဲ ကျွန်တော့်ရဲ့ နှလုံးသားဟာလည်း ကန်ရေပြင်လို မငြိမ်မသက်ဖြစ်နေခဲ့သည်။
" အိမ်မှာက အခန်း၂ခန်းရှိတယ် ။ ကျွန်တော် တစ်ယောက်တည်းနေတာကြောင့် အဲ့အခန်းက ကျွန်တော့် ပစ္စည်းအနည်းငယ်ထည့်ထားတယ် ။ ဒါကြောင့်မို့ ငါ သွားရှင်းလိုက်အုံးမယ်နော် ။ မင်း....အဲ....ဆရာ ဒီမှာ ခဏထိုင်နေပေးပါ "
မတွေ့တာကြာပြီဖြစ်တဲ့ အချစ်ဦးနဲ့ ရုတ်တရက်ကြီးပြန်တွေ့လိုက်ရတော့ ကျွန်တော့်စိတ်တွေ မတည်ငြိမ်တော့ပါ။ နှစ်အတော်ကြာ ပြောင်းလဲသွားတဲ့ သူ့ပုံစံက အထက်တန်းကျောင်းသားတုန်းကလိုမဟုတ်တော့ဘူး။ အရင်က မိုက်မိုက်ကန်းကန်းမျက်နှာဘေးက အခုတော့ တည်တည်ငြိမ်ငြိမ်နဲ့ပါ။ ခပ်မဲ့မဲ့ ပြုံးတတ်တဲ့ သူ့အပြုံးတွေကလည်း အခုတော့ နွေးနွေးထွေးထွေးနဲ့။ စူးစူးရဲရဲကြည့်တတ်တဲ့ အကြည့်တွေမှာလည်း ကြယ်ရောင်တွေ စုထည့်ထားသလို လင်းလက်တောက်ပပြီး ရေပြင်လိုကြည်လင်နေသည်။ ခပ်ရှုပ်ရှုပ်ထားတတ်တဲ့ သူ့ဆံပင်တွေက အခုတော့ သပ်ရပ်စွာ ဖီးလိမ်းသပ်တင်ထားသည်။ အရင်က ရွယ်တူရှိခဲ့တဲ့ သူ့အရပ်ကတော့ ကျွန်တော့်ထက် မဆိုသလောက်လေး ရှည်ထွက်နေရဲ့။ ပြောင်းလဲသွားတဲ့ သူ့ပုံစံကြောင့်လား မတွေ့ရတာကြာလို့လားတော့မသိ။ ကျွန်တော်သူ့ကို နည်းနည်းတော့ ရှိန်နေသည်။ သူ့အတွက် နာမ်စားတွေ ရှေ့နောက်မညီတဲ့အခါ သူက ကျွန်တော့်ကိုကြည့်ပြီး ပြုံးသည်။
" အရင်လိုပဲ မင်းအဆင်ပြေသလိုခေါ်ပါ။ ငါလည်း ကူရှင်းပေးမယ်လေ "
" အင်း ကျေးဇူး "
ကျွန်တော်က အိမ်ရှင်မို့ သူ့အဝတ်အိတ်ထုတ်ဆွဲကာ လှေကားပေါ်တက်ရန်ပြင်တော့ သူက ကျွန်တော့်လက်ထဲက အိတ်ကို ဆွဲယူ၍ ကျွန်တော့်ရှေ့မှ အပေါ်ထပ်သို့ တက်သွားသည်။ ကျွန်တော်လည်း သူ့နောက်မှလိုက်၍ ကျွန်တော့်အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းကို တံခါးဖွင့်ပေးကာ သူ့ပစ္စည်းများကို အခန်းထောင့်၌ ခေတ္တစုပုံထားလိုက်သည်။ထို့နောက် ထိုအခန်းတွင်းရှိ ကျွန်တော် ပစ္စည်းအချို့ကို အောက်ထပ်သို့ ပြောင်းရွေ့နေရာချပြီးနောက် သူနဲ့အတူ အခန်းသန့်ရှင်းရေးပါ လုပ်လိုက်၏။ သူ့အတွက် ဖာထီးပေးလိုက်သည့် အိပ်ယာခင်းနှင့် စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးတွေကို နေရာချပေးကာ ပြင်ဆင်ပေးလိုက်သည်။
ESTÁS LEYENDO
အချစ်ဦး (အခ်စ္ဦး) (Completed )
Romanceအချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို့မဟုတ် ငယ်ချစ်ဦး