" ဖာထီး....ဗျို့ ဖာထီး....."
ကာလသားခေါင်းဆောင်ထွန်းအောင်က ရွာလူကြီးအိမ်ရှေ့တွင် တတွင်တွင်အော်ခေါ်နေသည်။
" ဟေ့ တက်ခဲ့လေဝေ့ "
ရွာလူကြီးက သူ၏ ခေါင်းပေါင်းကို အကျအနပေါင်းနေရင်း အိမ်ပေါ်ထပ်မှ အသံပြုတာကြောင့် ခွန်ထွန်းအောင်သည် အိမ်ပေါ်သို့ ကပျာကယာပြေးတက်သွားသည်။ ရွာလူကြီးက ခွန်ထွန်းအောင်၏ မျက်နှာပျက်ပျက်နှင့် အိမ်ပေါ်တက်လာသည့် ပုံစံကိုမြင်သောအခါ မျက်မှောင်အသာကျုံ့လိုက်၏။
" ဘာဖြစ်လာတာတုန်း ခိုဗင်တန်( ကာလသားခေါင်းဆောင်) ရဲ့ "
ဖာထီးက ပြောလည်းပြော ၊ သူ့ရှေ့က ကွမ်းအစ်နှင့် အကြမ်းပန်းကန်ကို ခွန်ထွန်းအောင်ထံတွန်းပေးလိုက်သည်။ ခွန်ထွန်းအောင်သည် မျက်နှာပျက်ပျက်နှင့် ဖာထီးအား မကျေမချမ်းကြည့်ကာ အမောတကောပြေးလာရသည်မို့ အကြမ်းရည်ကို တစ်ကျိုက်တည်းမော့ချပြီးလျှင် ဤသို့ဆိုလေသည်။
" ဖာထီးက ဘာလို့ ကျောင်းဆရာလေးကို အပြစ်ပေးထားရတာလဲ။ ကျောင်းဆရာလေးမှာ ဘာအပြစ်ရှိလို့လဲ ။ တကယ်လို့ အပြစ်လုပ်တယ်ထားအုံးတော့ ဒီလိုပြစ်ဒဏ်တော့ ဖာထီးမပေးသင့်ဘူး။ ဒါက ကျုပ်တို့ရွာကိုစာလာသင်ပေးနေတဲ့ကျောင်းဆရာလေ။ တော်ကြာ သူက ဖာထီးကြောင့် ဒီရွာကနေ ပြေးသွားရင် ကျုပ်တို့ကလေးတွေပဲ ပညာရေး စိတ်မအေးရပဲ ဖြစ်မှာမဟုတ်လား "
ခွန်ထွန်းအောင်က ဖာထီးမြန်မာစကားကို သိပ်လည်လည်ဝယ်ဝယ်မရှိသည်ကိုသိ၍ တိုင်ရင်းသားစကားဖြင့်သာ တရဆက် အပြစ်တင်ပြောနေသည်။ ဖာထီးသည် ခွန်ထွန်းအောင်ပြောသည်တို့ကို ဘာတစ်ခုမျှနားမလည်။ ထို့ကြောင့် ခွန်ထွန်းအောင်ကိုသာ တအံ့တသြကြည့်၍နေလေသည်။
" နေ...နေပါအုံး ။ ခိုဗင်တန်ရဲ့ ငါက ကျောင်းဆရာလေးကို ဘာတွေများ အပြစ်ပေးထားလို့လဲ။ နင်ပြောတာ ငါမရှင်းဘူး ။ ငါနားမလည်ဘူး "
ဖာထီးစကားကို ခွန်ထွန်းအောင်က မယုံမကြည့်ဖြင့် ဟမ့်ခနဲအသံပြု၍ ပေစောင်းစောင်းကြည့်သည်။ ခွန်ထွန်းအောင်ကြည့်ရတာ ဖာထီးကို အတော်အတန်စိတ်ဆိုးနေသည့်ပုံ။
ESTÁS LEYENDO
အချစ်ဦး (အခ်စ္ဦး) (Completed )
Romanceအချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို့မဟုတ် ငယ်ချစ်ဦး