II [U]

4 0 0
                                    

သူ့အားတွေ့နေကျ နေရာတွင် လစ်ဇ်စောင့်နေမိသည်။သို့သော် မွန်းတည့်ချိန်ကျော်သွားသည်အထိ သူ့ကို မတွေ့ရ။နေက တဖြည်းဖြည်းစောင်းလာကာ အအေးဓာတ်က ပိုကဲလာသည်။လူသွားလူလာလည်း တဖြည်းဖြည်း ပြတ်လာပြီဖြစ်၍ လစ်ဇ် ဆက်မစောင့်ချင်တော့။သို့သော် သည်ကနေ့အတွက် ထိုအေးစက်စက်အကြည့်များကိုတော့ လက်ခံရရှိချင်သေးသည်။

ကတ္တရာလမ်းပေါ်သို့ တရွတ်တိုက်ဆွဲ၍ ထွက်ပေါ်လာသည့် အသံကြောင့် လက်အချင်းချင်းပွတ်ကာ အာငွေ့ပေးနေရာမှ လစ်ဇ်လှည့်ကြည့်လိုက်တော့ သူဖြစ်နေသည်။ထိုမျက်လုံးကျဉ်းကျဉ်းများသည် မာနတရားများ လွှမ်းခြုံမနေတော့။ခံစားချက်မဲ့ကာ အလဲလဲအပြိုပြိုဖြစ်နေသည်။

လစ်ဇ်ကို မြင်တော့ လှောင်ပြုံးက ပြုံးဖြစ်အောင် ပြုံးလိုက်သေးသည်။ထို့နောက် သူရပ်နေကျ နေရာမှာ ခပ်ပြေပြေမှီရပ်ကာ စီးကရက် တစ်လိပ်အား မီးညှိနေသည်။

'ဇီရန်...'

သူ့အနားသို့ အရဲစွန့်ကပ်ကာ ခပ်တိုးတိုးခေါ်လိုက်သည်။တုန့်ပြန်သံမကြားရ။ထိုပုံစံအတိုင်းမလှုပ်မယှက် စီးကရက်များအား တလိပ်ပြီးတလိပ် ထိုင်ဖွာနေသည်ကို နေလုံးလုံးလျားလျားဝင်ကာ လမ်းမီးတိုင်များ လင်းလာသည်အထိ သူ့ဘေး ငုတ်တုပ်ထိုင်ပြီး လစ်ဇ်စောင့်ပေးခဲ့သည်။

လစ်ဇ်ဘေးသ်ု့ိ စီးကရက်ဘူးခွံ ပြုတ်ကျလာသည်။မော့ကြည့်လိုက်တော့ သူ့ပုံစံက စစရောက်လာချင်းနှင့် မခြားမနား။ထိုဘူးခွံကို သူကအားကုန်ကန်လိုက်ပြီးဆန့်ကျင်ဘက်နေရာသု့ိ ထွက်သွားသည်။လစ်ဇ်လည်း ထိုင်နေရာမှ မတ်တပ်ရပ်ကာ သူ့နောက်လိုက်ဖို့ ပြင်လိုက်သည်။သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။ထို့နောက် သူက လစ်ဇ်ဘက်ကို လှည့်မကြည့်လာဘဲနဲ့ ပြောသည်။

'ငါ့နောက်ကို ဆက်မလိုက်နဲ့တော့ မင်းက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်'

လစ်ဇ် နေရာမှာတင် တောင့်တောင့်တင်းတင်းဖြစ်သွားသည်။ရပါတယ်..။မလိုက်နဲ့ဆိုလည်း မလိုက်တော့ဘူးပေါ့..။ဒါပေမယ့် နောက်တစ်နေ့တော့ ပြန်လာဦးမယ်။သူကန်ထုတ်လိုက်တဲ့ ဆေးလိပ်ဘူးခွံလေးကို အိတ်ထဲ ကောက်သိမ်းလိုက်ပြီး လစ်ဇ်လည်း အိမ်ပြန်လမ်းဆီသို့ တရွေ့ရွေ့ထွက်ခွာလာခဲ့သည်။

Wings - အေတာင္ပံမ်ားWhere stories live. Discover now