အပိုင်း-(၃)
မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် အနမ်းတပွင့်ကို မည်ကဲ့သို့ အဓိပ္ပာယ်မှတ်ယူ သင့်သနည်း။ တဒိတ်ဒိတ်တိုးပွားသည့် ရင်ခုန်သံက နှလုံးသွေးများတိုးနေသည့်နှယ်။ ရုတ်တရပ် အသိစိတ်မဲ့သွားသကဲ့သို့ ပြုစားနိုင်ပါသော နှုတ်ခမ်းထူထူများ၏ အထိအတွေ့။ သူ့အဖို့တော့ ဆန်းသစ်သည့် နှလုံးသားကဏ္ဍတစ်ရပ်ကို ဖွင့်လှစ်မိသည့်နှယ် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိစွာ ခေတ္တပျော်ဝင်ခဲ့ပါ၏။ အထိအတွေ့များက ထူးခြားသည်။
အပူပေးစက်ကို ချိန်ညှိထားသည့် အခန်းအနေအထားက နွေးနွေးထွေးထွေး ရှိလှသည်။ နံရံပေါ်မှ တိုင်ကပ်နာရီ၏ တချပ်ချပ်မြည်သံက စိတ်လှုပ်ရှားနေသူကို ပို၍ရင်ပူစေသည်။ အပြင်အဆင်မရှိသည့် မီးခိုးရောင်နံရံပြောင်ကို အကြောင်းမရှိငေးလျက် စိတ်ကူးရွက်လွှင့်နေမိသည်မှာ အိမ်ကိုပြန်ရောက်ချိန် ကတည်းကပင်ဖြစ်၏။
ကုတင်ပေါ်တွင် လှဲလျက်အနေအထားအတိုင်း ဒူးနှစ်ဖက်ကိုပိုက်၍ လက်သည်းများကို တတိတိကိုက်ခဲနေမိသည်။ ဤသည် သူစိတ်လှုပ်ရှားချိန်များ သို့မဟုတ် တစုံတရာကို ကြောင့်ကြချိန်များ၌ ပြုမူတတ်သည့် အကျင့်တစ်ခုသာ ဖြစ်သည်။ လှိုက်ခနဲရင်ဖိုနေသည့် ခံစားချက်က ရင်ခုန်ခြင်းများလား။ ဂျောင်ဂုမပြောတတ်ခဲ့။ သေချာသည်က သူ့စိတ်ထဲကျေနပ်နေမိသည်။
ထိုအချိန်မှစ၍ အဓိပ္ပာယ်မသိသည့် စိတ်လှုပ်ရှား၊ ဝမ်းမြောက်ခြင်းများက သူ့နှလုံးသားထဲ၌ ဝပ်တွားကိန်းအောင်း နေသဖြင့် အဝတ်ပင်မလဲနိုင်သေး။ မြီးကောင်ပေါက်ကလေးများကဲ့သို့ တုန်လှုပ်ခြင်းကြီးစွာဖြင့် သူ့ရင်တွေခုန်လွန်းနေခဲ့သည်။ မဖြစ်တော့။ လှဲနေရာမှ ဆတ်ခနဲထလိုက်သည်။ ထို့နောက် ခန်းဆီးစကိုဆွဲလျက် လေအေးအေးများ တိုးဝင်လာစေရန် ပြတင်းပေါက်ကို ဖွင့်မိ၏။
"တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။"
မျက်စိကိုစုံမှိတ်လိုက်ချိန်တိုင်း ပေါ်လာသည့်မှတ်ဉာဏ်များက ရုပ်ရှင်ပိတ်ကားပေါ်မှ အဖြစ်အပျက်များနှယ်။ ရင်ဘတ်နေရာကို လက်ဖြင့်ဖိထားမိသည်။ တိုက်ခန်းက (၄)လွှာတွင်ဖြစ်သည်။ ထို့ကြောင့် အမြင့်ပိုင်းမှ တိုက်ခိုက်လာသည့် အေးစိမ့်သောလေပြင်းပြင်းက ဂျောင်ဂု၏ဦးခေါင်းအထက်မှ ဆံပင်များကိုပင် ဗြောင်းဆန်သွားစေသည်အထိ ဖြစ်သည်။
![](https://img.wattpad.com/cover/269476320-288-k34932.jpg)
YOU ARE READING
Value ||Edited Version||