အပိုင်း-(၁၂)
ထပ်ပြီးမနီးနိုင်ခြင်းက အချစ်စစ်၏ သင်္ကေတများ ဖြစ်နိုင်သည်လား။ သူကမသိခဲ့ပါ။ မြက်ပင်များကြား၌ ကခုန်နေသည့်လေပြည်၊ တောင်ပေါ်သို့ပျံတက်ကာ နားခိုကြသည့်ငှက်များနှင့် သစ်ပင်ရိပ်အောက်တွင် အေးချမ်းစွာအနားယူသည့် ခွေးကလေး၏ပုံရိပ်က စစ်မှန်သာယာသည့် နွေဦးကိုပုံဖော်နေသော်ငြား နှစ်ဦးသား၏ကြားတွင်မူ နွေဦးကမည်သည့်အခါမှ ရောက်ရှိနိုင်တော့မည် မဟုတ်ပါ။ အချို့သောအချိန်များ၌ မာနနှင့်သိက္ခာသည် အချစ်ဟူသည့် နူးညံ့သောသဘောတရားထက် အားသာခဲ့၏။ လူ၌မာနက အရေးကြီးသည်ဟူ၍ သူကထင်သည်။
ဖွေးဖွေးလှုပ်ဖြူသော အမျိုးအမည်မသိသည့် ပန်းခင်းကျယ်ကြီးအတွင်း၌ ဂျွန်ကလွတ်လပ်ပေါ့ပါးစွာ လူးလွင့်ပြေးလွှားနေသည်။ ဆံနွယ်အဖြူရှည်ရှည်များ ရှိသည့်အပြင်၊ ရှပ်လက်ရှည်အဖြူနှင့် ဘောင်းဘီအရှည်အဖြူကိုပါ တွဲဖက်ဝတ်ဆင်ထားသဖြင့် ဂျွန်ကနတ်သက်ကြွေသည့် နတ်သားနှင့်သဏ္ဌာန်ဆင်သေးသည်။ အပြုံးကြီးပြုံးနေ၍ ထွက်ပေါ်လာသော ဘယ်ဘက်ပါးပြင်ဥဥမှ ပါးချိုင့်သေးသေးသည် ပန်းဆီရောင်သန်းသော နှုတ်ခမ်းအောက်မှမှဲ့နက်နှင့် လွန်စွာလိုက်ဖက်၏။ ကဗျာဆန်သည့် အလှမျိုး ဖြစ်သည်။
"မောမယ် ဂျွန်။ ဘာလို့အရမ်းပြေးနေတာလဲ။"
"မင်းကိုလိုက်ဖမ်းစေချင်လို့လေ ကင်မ်ထယ်။ လာပါ။ ငါ့နောက်ကိုလိုက်ခဲ့စမ်းပါ။"
သူကပြောလျှင် ဂျွန်ကပို၍ပြုံးသည်။ သွားလေးများပင်ဝိုင်းဟန်ရှိသည့် ဂျွန့်အပြုံးကချစ်စဖွယ်။ ဂန္ဓမာဖြစ်နိုင်သည်လား။ ကြယ်တာရာဟူ၍ ခေါ်ရမည်လား။ သို့မဟုတ် ဆူးပါသည့်နှင်းဆီများလား။ မခွဲခြားတတ်ခဲ့ပါ။ ပန်းခင်းကြီးသည် အဖြူရောင်ရှိသည်ကိုသာသိ၍ ပန်းအမျိုးအမည်များကို သူကမပြောတတ်ပါပေ။ အချို့သည် အပွင့်ငယ်သည်။ အချို့သည် ထပ်တစ်ရာရှိသည်။ အချို့သည်မူ ထက်မြသောဆူးများနှင့် ဖြစ်၏။
မည်သို့ပင် ဖြစ်စေကာမူ။ အဖြူရောင်ပန်းခင်းကြီးအလယ်မှ နတ်လိပ်ပြာငယ်လေးဂျွန်သည် တောက်ပသက်ဝင်သော အရယ်အပြုံးများနှင့် သွေးဆောင်သည်ဖြစ်၍ လေနှင့်လွင့်သည့်ဟန် ပေါ့ပါးပြေးလွှားနေသော ဂျွန့်အနောက်ကိုသာ သူကလွတ်လပ်လန်းဆန်းသည့် စိတ်ခံစားချက်များဖြင့် ထပ်ကြပ်မကွာ ပြေးလိုက်ဖြစ်ခဲ့သည်။ ပျော်ရွှင်နေသည့် ဂျွန့်မျက်နှာသည် ထယ်ယောင်းအဖို့ ကမ္ဘာတည်သ၍ ပီတိဖြစ်စေမည့် အခိုက်အတန့်မျိုးနှယ်။ အချစ်က အတူရှိနေလျှင် ဝမ်းမြောက်ဖွယ်သာ ဖြစ်ချေသည်။
YOU ARE READING
Value ||Edited Version||