အပိုင်း-(၁၁)
ဆုံးရှုံးပြီးသည်အထိ လက်မလွှတ်နိုင်ခဲ့ခြင်းက နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြ၍လား။ ပန်းကလေးတစ်ပွင့် ပွင့်လွှာကြွေကျသကဲ့သို့။ ပဲ့ကျပျက်စီးခဲ့သည့် နှလုံးသားလေးက သည်လူနှင့်မှပိုသာ၍ နာတတ်ခဲ့ဟန်။ လေစိမ်းများတိုက်ခတ်သည့် ရာသီဥတုများနှယ်။ အေးစက်တောင့်တင်းသွားသည့် နှစ်ဦးကြားအခြေအနေက ပြန်လည်၍ပူနွေးခွင့် မရှိတော့မည်ပင်ဖြစ်သည်။ အလိမ္မာသုံး၍ ရှောင်ခွာပစ်ပယ်ခဲ့သူသည် တကြိမ်မှားခဲ့သည်ကိုပင် ဖြေရှင်းခွင့်မပေးစွာ ထွက်ပြေးခဲ့သော်ငြား သူကဖြင့်သည်လူ၏ ဥပေက္ခာများကို လက်ခံနိုင်စွမ်းမရှိခဲ့ပါချေ။ ချစ်တတ်သူတိုင်းက သတ္တိနည်းခဲ့ကြမည်ပင်။ သူကလွမ်း၏။
ညနက်ချိန်၏ အလယ်တည့်တည့်၌ လူနာတင်ယာဉ်ကားသံများက ဆူညံနေသည်။ သုံးလမ်းသွားကားလမ်းမသည် ည(၁၁)နာရီကျော်ပြီဖြစ်၍ ကားအသွားအလာ အနည်းငယ်ရှင်းသဖြင့် ဖြစ်သင့်သည်ထက်ပို၍ အန္တရာယ်ကင်းခဲ့ခြင်း ဖြစ်မည်။ ရှေ့ဆင့်နောက်ဆင့် ရောက်လာသည့် ရဲကားပေါ်မှ တာဝန်ရှိသူများက ဆေးရုံကားပေါ်သို့ ရောက်သွားပြီဖြစ်သည့် နစ်နာသူကိုကြည့်လျက် စစ်တမ်းကောက်ကြသည်။ အရက်သောက်၍ မောင်းနှင်ခြင်းဟူ၍။ ထို့နောက် အချို့နေရာများ၌ပိန်ကာ ထိုးလဲနေသည့်ဆိုင်ကယ်ကို ကရိန်းဖြင့်သယ်ကြ၏။
လေစိမ်းများက ကြောက်မက်ဖွယ် တိုက်ခတ်နေသည်။ အခင်းဖြစ်သည့် နေရာမှသည် နီးစပ်ရာဆေးရုံသို့ သွားရန်သိပ်မကြာပါ။ သို့သော်ငြား လူနာတင်ယာဉ်ရောက်သည့် အချိန်လွန်ခဲ့၍ လူနာကသွေးထွက်လွန်ခဲ့သည်။ ထိခိုက်သည်က ဦးခေါင်းကိုဖြစ်သည်။ အထူးသဖြင့် ဆိုင်ကယ်ဦးထုပ်ကို မဆောင်းခဲ့သဖြင့် ဤနေရာကိုထိခိုက်ထားခြင်း ဖြစ်မည်။ အခြေအနေက သတိမလည်နိုင်၍ စိုးရိမ်ဖွယ်။ ထို့ကြောင့် မီးပွိုင့်များကို အချက်ပြမီးဖြင့်ကျော်လျက် ဆေးရုံသို့အမြန်ရောက်ရန် ကြိုးပမ်းကြသည်။
"လူနာရှင်။ လူနာရှင်ပါလား။"
"မပါဘူးခင်ဗျ။"
"ဒါဆိုရင် စခန်းနဲ့ဆက်သွယ်ပြီး လူနာရှင်ကိုအကြောင်းကြားပါ။ မြန်မြန်လေး။"
YOU ARE READING
Value ||Edited Version||