အပိုင်း-(၈)

1.6K 203 28
                                    

အပိုင်း-(၈)

     အလိမ်အညာက သက်ဆုံးတိုင်မြုပ်နှံထား၍ ရနိုင်မည်လား။ ချစ်ခြင်းမေတ္တာက ဖြူစင်ရိုးရှင်းသော်ငြား လိမ်ညာမှုကဖြင့် ကောက်ကျစ်စဉ်းလဲသည်။ ခံစားချက်များက ထိန်းချုပ်ပေးမည့် ပိုင်ရှင်ရှိလာချိန်၌ သည်လူကပစ်ပယ်သည့်အခါ ဝမ်းနည်းရမည်။ ငိုကြွေးရမည်။ သို့သော် အဆုံးသတ်၌ အလိမ်အညာများနှင့် မရိုးသားသူ၏ အပြစ်သာဖြစ်မည်။ အချစ်ကထင်သလောက် မလွယ်ကူခဲ့။ သူကိုယ်တိုင်က ရိုးစင်းမနေခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်သာ။

     ကင်မ်ထယ်နှင့်တွေ့ခဲ့ပြီးသည့် နေ့ရက်များမှစ၍ ကျောင်းတက်ရသည်ကို ဂျောင်ဂုသဘောကျတတ် လာခဲ့သည်။ ယခင်က ပျင်းရိဖွယ်တနေ့တာ အချိန်ဇယားတစ်ခု ဖြစ်ခဲ့သော်လည်း ယခုရက်များ၌မူ အနှစ်သာရ ပြည့်ဝခဲ့သည်။ မနက်ခင်း၌ ကျောင်းအနီးရှိ ထိုင်နေကျကော်ဖီဆိုင်တွင် မနက်စာစားဖြစ်သည်။ ကျောင်းတက်ချိန်နီးလျှင် လက်ချင်းတွဲ၍ ခြေရာထပ်နေနိုင်မည့် ဤလမ်းကလေးအတိုင်း ကျောင်းအတူသွားဖြစ်သည်။ အတူတူရယ်မောကြသည်။ အတူတူဝမ်းနည်းကြသည်။

     ကင်မ်ထယ်နှင့်ချစ်ခဲ့သည်မှာ လအပိုင်းအခြားအရ လေးကြိမ်ကျော်ခဲ့ပြီပင်။ ယခင်ကဲ့သို့ နှင်းများမရှိတော့သည့် ပတ်ဝန်းကျင်က ယခုဆိုလျှင်ဖြင့် ထူးကဲသည့်နွေဦးပန်းများနှင့် ဖြစ်သည်။ ရာသီတစ်ခု ပြောင်းခဲ့ပြီ။ ဆောင်းမှနွေသို့ ကူးခဲ့ပြီ။ သို့ပေသည့် နွေးထွေးလှုပ်ရှားနေသည့် နှလုံးသားများကဖြင့် အခုန်မြန်နေဆဲဖြစ်သည်။ ဆုံမိကြသည့် မျက်ဝန်းများကဖြင့် ယခုထက်ထိ ကဗြာကယာဖြစ်ရဆဲပင် ဖြစ်ပါသည်။

     ညကဝယ်ထားသည့် စီးကရက်ဗူးအတွင်းမှ တလိပ်ကိုထုတ်၍ မီးညှိသည်။ ပျော်ရွှင်သည်ဖြစ်စေ။ ဝမ်းနည်းသည်ဖြစ်စေ။ မုန်းတီးသည်ဖြစ်စေ။ နာကြဉ်းသည်ဖြစ်စေ။ ထိုအငွေ့အမှုန်များကို ရှူရှိုက်လိုက်သည်နှင့် ခံစားချက်မဲ့သွားရသည်ပဲ ဖြစ်သည်။ ပြင်းသည့်အရသာက အာခံတွင်း၏အနက်ရှိုင်းဆုံး၌ ကပ်ငြိသည်။ မျက်လုံးများကို မှိတ်ချချိတ်တိုင်းတွင် နာကျင်စရာဟူသည် ဗလာသာရှိခဲ့၏။ သူစွဲနေခဲ့ပြီပင်။

Value ||Edited Version||Where stories live. Discover now