345 59 45
                                    

မြ တစ်ယောက် ဦးဦးကို စောင့်ရင်း ဆိုဖာပေါ်မှာ အိပ်ပျော်သွားမိတာ ဦးဦးစောင်ခြုံပေးမှပဲ နိုးလာတော့ တယ်။ နာရီကိုကြည့်တော့ မနက် ၂ နာရီခွဲ။

"ဟင် ဦးဦး အခုမှ ပြန်ရောက်တာလား"

"အင်း ခွဲစိတ်မှုက ၁ နာရီကမှပြီးတာ။ မြ ကိုယ့်ကို စောင့်နေတာလား"

"ဦးဦးရယ်.. ပင်ပန်းနေတော့မှာပဲ။ မြ ဘာလုပ်ပေးရမလဲဟင်"

ဦးဦးက ခေါင်းခါပြတယ်။ "မြ နောက်ရက်တွေလည်း ကိုယ်ခွဲစိတ်မှုရှိတဲ့နေ့တွေဆို မစောင့်နဲ့တော့နော်။ ကိုယ်က ဒီလိုပဲ တခါတလေ ညလုံးပေါက်တယ်"

မြ စိတ်ထဲ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ မြတို့လည်း အရေးကြီးရင် အရေးကြီးသလို အလုပ် လုပ်ခဲ့ရတာမျိုး ရှိပေမဲ့ ဦးဦးကိုတော့ အဲဒီလိုကြီး မပင်ပန်းစေချင်ဘူး။ ဦးဦး နေမကောင်းဖျားနာမှာလည်း စိုးတယ်။ မြ သိနေတာက ဦးဦးက နေမကောင်းရင်တောင် ပြောပြမယ့်လူမျိုးမဟုတ်ဘူး။ မြ လူမှန်းသိ တတ်စကထဲက ဦးဦး နေမကောင်းဘူးဆိုတာမျိုးတခါမှ မကြုံဖူးဘူး။ မိုးတွေမိပြီး ကိုယ်တွေ ခြစ်ခြစ် တောက်ပူနေရင်တောင် ဦးဦးက ဘာမှမဖြစ်သလို နေခဲ့တာ။ မြ က သတိထားမိတော့မှ ဘွားဘွားတို့ကို ပြောပြီး ဆေးတိုက်ခိုင်းခဲ့ရတယ်။

"မြ ကြားလားလို့။ အခုတော့ နောက်ကျနေပြီ အိပ်တော့လေ"

"ဦးဦး.. မြ ကို ဖက်ထားပေးပါလား"

ဦးဦးက မျက်နှာတည်သွားပြီး "မြ.. ကိုယ် ရေမချိုးရသေးဘူး။ ခွဲစိတ်ခန်းထဲ တနေကုန်နေလာတော့ ဖက်လို့ အဆင်မပြေဘူး။ လိမ္မာတယ်။ ဒီည သွားအိပ်လိုက်တော့နော်"

ဦးဦးလှည့်ထွက်သွားဖို့ လုပ်တော့ မြ က လှဲနေရာကနေထလိုက်ပြီး ဦးဦးနောက်ကျောကို အတင်းဖက် ထားမိတယ်။ ပိုးသတ်ဆေးနံ့တွေစွဲကပ်နေပေမဲ့ ဦးဦးကျောပြင်က တကယ် အနွေးထွေးဆုံးပါပဲ။ လုံခြုံမှု အပြည့်နဲ့ မြကို ငြိမ်းအေးစေတယ်။ တကယ်ပါ၊ တစ်သက်လုံး ဦးဦးနဲ့ မခွဲရဘူးဆိုရင် သိပ်ကောင်းမှာပဲ။

ဦးဦးက မြရဲ့လက်ကို အသာဖြုတ်ချလိုက်ရင်း "မြ.. အိပ်တော့နော်။ မနက်ကျ တွေ့ကြမယ်" လို့ဆိုပြီး နောက်ပြန်လှည့်မကြည့်ဘဲ အခန်းထဲဝင်သွားတယ်။

စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦးWhere stories live. Discover now