ဇာတ်သိမ်းပိုင်း

695 58 66
                                    

ဦးဦးဟာ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တာမို့ သူ့လက်တွေကို တော်ရုံအထိခိုက်ခံလေ့မရှိတာ မြ သိတယ်။ (မြ ကိုက်တာကလွဲရင် ဦးဦးဟာ တခြားသူ့လက်နာကျင်မယ့်ကိစ္စတွေကို အကဲဆတ်တယ်။) အဲဒီလိုလူက ဝဏ္ဏကို လက်သီးသုံးလိုက်တာကိုမြင်တော့ မြ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။

"ဝဏ္ဏ.. ငါ မင်းကို ဘာပြောထားလဲ။ မြကို ဘယ်တော့မှ မနှောင့်ယှက်ပါနဲ့လို့ သတိမပေးထားဘူးလား။ မင်းက တကယ် ပြောရခက်တဲ့ကောင်ပဲ"

ဦးဦး စိတ်ဆိုးတာကို တခါမှ မမြင်ဖူးတဲ့ မြ အတွက်တော့ ကြောင်ပြီးကြည့်နေမိတယ်။ နေသန်ကလည်း ဦးဦးဘေးမှာသွားယှဉ်ရပ်တယ်။ ဝဏ္ဏကတော့ မချိမဆန့်နဲ့ ရယ်လေရဲ့။

"ဟားဟား ကောင်းကွာ။ မြထိပ်ထားက ကာကွယ်ပေးမယ့်ကောင်တွေ အပြည့်ပဲ။ အဲဒါနဲ့များ ငါ့ကြောင့် ခံစားရသလိုလို ဟန်ဆောင်လိုက်သေးတယ်"

နေသန်က ဒီတခါတော့ ထိုးဖို့ ဟန်ပြင်လိုက်ပေမဲ့ မြ တားလိုက်တယ်။

"နေသန်ကော ဦးဦးကော တော်တော့။ မြ ဖြေရှင်းလိုက်မယ်"

မြကို နှစ်ယောက်လုံးက လှည့်ကြည့်ကြတယ်။​ ဝဏ္ဏကတော့ လက်ထောက်ပြီး မြေပြင်မှာရှိနေဆဲ။

"ဒီမှာ ဝဏ္ဏ။ ရှင်နဲ့ ကျွန်မ ဇာတ်လမ်းက ပြီးခဲ့ပြီ။ ကျွန်မတို့ လက်ထပ်ဖြစ်တာကလည်း မိဘတွေကို မလွန် ဆန်ချင်ခဲ့လို့ပဲလေ။ အခုချိန်မှာ ကျွန်မကို ရှင် နှောင့်ယှက်စရာ ဘာအကြောင်းမှမရှိဘူး။ ကျွန်မ ဘယ်သူနဲ့ နေနေ၊ ဘယ်သူနဲ့ပဲ ချစ်ကြိုက်ကြိုက် ရှင့်အပူမပါဘူး။ ထပ်ပြီး လွန်လာရင် ကျွန်မ ရဲခေါ်ရလိမ့်မယ်။ ရှင် အဲဒီလောက်အထိ သွားချင်တယ်ဆိုရင်တော့ သဘောပဲ"

မြ ပြန်လှည့်လာတော့ ဝဏ္ဏရဲ့ ဆဲသံကို ကြားလိုက်ရတယ်။ အဲဒါက နေသန်ကော ဦးဦးကောကို မီးမြိုက် ပေးသလိုပဲ။ မြ တစ်ချက်ရယ်ပြီး ဝဏ္ဏရှိရာကို ပြန်လျှောက်သွားကာ လက်သီးတစ်ချက်ထိုးလိုက်တယ်။

ဝဏ္ဏ အံ့သြနေတုန်း နောက်တစ်ချက် ထပ်ပစ်သွင်းလိုက်တယ်။

"ကျွန်မကို ဆဲလို့ ထိုးတာမဟုတ်ဘူး။ ကျွန်မ ကောင်လေးကို နာကျင်စေလို့ ထိုးတာ။ နောက်တစ်ချက်က တော့ ကျွန်မ ဦးဦးလက်တွေကို ထိခိုက်စေလို့ ထိုးတာ။ ရှင်သွားလို့ရပြီ"

စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦးWhere stories live. Discover now