မြကို ဦးဦးပွေ့ချီတာကို လိုလိုချင်ချင်နဲ့ပဲ ပြန်ဖက်ထားခဲ့တာ နေသန့်အတွက် မတရားရာကျမှန်း မြ တွေး မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ခဏမှာတော့ ဦးဦးကိုပဲ မြ တောင့်တမိတယ်။ ငယ်ငယ်လေးကထဲက မြ နေ မကောင်းတိုင်း အတူတူရှိပေးခဲ့တဲ့ဦးဦး၊ မြကြောင့်ပဲ ဆေးကျောင်းတက်ခဲ့တဲ့ ဦးဦးကို မြ အားငယ်ချိန်မှာ ရှိနေစေချင်မိတယ်။ ဆောရီးပါ နေသန်ရယ်လို့ပဲ မြစိတ်ထဲက တောင်းပန်မိတော့တယ်။
ဦးဦးက မြကို အိမ်ကိုပြန်ခေါ်လာပြီး ဆေးဆက်သွင်းပေးတယ်။
"ဦးဦး.. မြ အနားက ထွက်မသွားပါနဲ့နော်။ မြ ဘေးမှာ ရှိနေပေးပါနော်" လို့ မြ တိုးတိုးကလေး တောင်းဆို မိတော့ ဦးဦးက မြ လက်ကလေးကို ဆုပ်ကိုင်ထားပေးရင်း ကတိပေးပါတယ်။
"ကိုယ် ရှိနေမှာပေါ့ မြ။ ဘာမှမတွေးဘဲ အိပ်လိုက်နော်။ လိမ္မာတယ်"
"ဦးဦး.. မြ နေသန်နဲ့ ဒိတ်တာကို ဆူမှာလားဟင်"
ဦးဦး မျက်နှာက အပြောင်းအလဲမရှိ၊ မြကို နွေးနွေးထွေးထွေးပဲ ပြုံးပြရင်း "မြက ကလေး မဟုတ် တော့ တာမို့ ကိုယ်ကဆူစရာလား" တဲ့။ အဲဒီလိုကျတော့လည်း မြ စိတ်ထဲ မကောင်းဖြစ်ရပြန်တယ်။ မြကို ဦးဦး က တကယ်ပဲမချစ်ဘူးလား လို့တွေးပြီး စိတ်အားငယ်လာမိပြန်ကော။ မြ နှုတ်ခမ်းလေးတွေ ဖိကိုက်ထား မိတော့ ဦးဦးက သူ့လက်တွေနဲ့ထိပြီး "ဘာဖြစ်လို့လဲကွာ" လို့မေးတယ်။
မြ မသိဘူး။ အဲဒီခဏမှာ မြ ဦးဦးလက်ကို ခွေးပေါက်စလေးလို ကိုက်လိုက်မိတယ်။ ဦးဦးတော့မသိ၊ ကိုက်ရတဲ့ မြတောင် သွားတွေသွားဖုံးတွေ နာလာပေမဲ့ ဦးဦးကတော့ ပြုံးရင်းနောက်လက်တစ်ဖက်နဲ့ မြ ခေါင်းကိုပွတ်ပေးတယ်။
"မြထိပ်ထားလေးက ဒီခွေးပေါက်စအကျင့်လေးတွေ မပျောက်သေးဘူးပဲ။ ကိုယ့်ကို ဘာမကျေနပ်တာ များရှိလဲ"
"ဦးဦး သဝန်မတိုဘူးလေ၊ မြ မင်္ဂလာဆောင်တုန်းကလည်း မတားခဲ့ဘူး၊ အခု နေသန့်ကိုဒိတ်တော့လည်း မတားပြန်ဘူး။ ဦးဦးက မြကို တကယ် ဂရုစိုက်ရဲ့လားပဲ"
ဦးဦးက သက်ပြင်းချပြီး မြကိုက်ထားတဲ့ဆီကနေ လက်ကို ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်တယ်။ မြ မြင်ရတာကတော့ သွားအကွင်းရာလိုက်ကြီးက အထင်းသား။ ဦးဦး နာသွားမှာပဲလို့ တွေးမိတုန်း ဦးဦးက မြပါးလေးကို ကိုင်ပြီး တစ်စုံတစ်ခုပြောလာတယ်။ အဲဒီစကားကြောင့် မြအိပ်ပျော်ခဲ့လေရဲ့။
YOU ARE READING
စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦး